
(နိုင်ငံတကာ) ဇွန် ၈
အစ္စရေးနှင့် လေဘနွန်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း အစ္စရေးဘက်က လေဘနွန်တောင်ပိုင်းနှင့် ဘေရွတ်မြို့တော်ဆင်ခြေဖုံးကို ဆက်လက်ဗုံး ကြဲခြင်းဖြင့် “အနီလိုင်းအားလုံး” ကို ကျော်လွန်သွားခဲ့သည်ဟုဆိုကာ အီရန်နိုင်ငံက အစ္စရေးနိုင်ငံအတွင်းရှိ လေတပ်အခြေစိုက်စခန်းကို ဘာလစ်စတစ်ဒုံးကျည်အမြောက်အမြားဖြင့် တနင်္ဂနွေ နေ့ညပိုင်းက လက်တုံ့ပြန်ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း သိရသည်။
ဒေသစံတော်ချိန် တနင်္ဂနွေနေ့ည ၁၀ နာရီခန့်တွင် အီရန်နိုင်ငံဘက်က ပစ်ခတ်လိုက်သည့် ဒုံးကျည်လှိုင်းများကြောင့် အစ္စရေးတစ်နိုင်ငံလုံးတွင် လေကြောင်းရန်ဥဩသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ပြည်သူများ ဗုံးခိုကျင်းများအတွင်းသို့ အရေးပေါ် ဝင်ရောက်ခဲ့ကြရသည်။ အစ္စရေးစစ်တပ်ကမူ အီရန်၏ ဒုံးကျည်အားလုံးကို ကြားဖြတ်ဟန့် တားနိုင်ခဲ့သည်ဟု ထုတ်ပြန်ထား သည်။
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေး၏ ရာမတ်ဒေးဗစ် (Ramat David) လေတပ်အခြေ စိုက်စခန်းကို ဘာလစ်စတစ်ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက် ခိုက်ခဲ့ကြောင်း အတည်ပြုပြီး၊ ယခုစစ်ဆင်ရေးသည် သတိပေး ချက်သာဖြစ်ကာ အစ္စရေးဘက်က ထပ်မံရန်စပါက ဒေသတွင်းရှိ အမေရိကန်-ဇီယွန်ဝါဒီ ပစ်မှတ်အားလုံးကို ပိုမိုကျယ်ပြန့်စွာ တိုက် ခိုက်သွားမည်ဟု ကြေညာခဲ့သည်။
ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ပြန်လည်လက်တုံ့မပြန်ရန် ပြောကြားရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုထံသို့ “ယခုချက်ချင်း” ဖုန်းဆက်တော့မည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။ ထရမ့်က “အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ အစ္စရေးအနေနဲ့ ပြန်လည်လက်တုံ့မပြန်ဘူးလို့ မျှော်လင့်ပါတယ်။ အကယ်၍ ဘီဘီက ပြန်တိုက်ရင်တော့ ဒါဟာ ပြီးခဲ့တဲ့ နှစ်ပေါင်းထောင်ချီကလိုပဲ စစ်ပွဲတွေ ဆက်ဖြစ်နေဦးမှာပါ” ဟု ဆိုသည်။
ထို့အပြင် အမေရိကန်အနေဖြင့် အီရန်နှင့် နောက်ဆုံးသဘော တူညီချက်ရရန် အလွန်နီးစပ်နေပြီဖြစ်ရာ ယခုဖြစ် စဉ်ကြောင့် အပျက်စီးမခံနိုင်ကြောင်းနှင့် “အစ္စရေးကလည်း တိုက်ခိုက်မှုလုပ်ခဲ့သလို အီရန်ကလည်း တိုက်ခိုက်မှုလုပ်ခဲ့ပြီမို့ နှစ်ဖက်စလုံး ပျော်ခဲ့ကြပြီးပြီ။ နောက်ထပ် စစ်ပွဲအသစ် မလိုအပ်တော့ပါဘူး” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးကလည်း အကယ်၍ အစ္စရေးက အီရန်ကို ထပ်မံတိုက် ခိုက်ပါက အမေရိကန်အနေဖြင့် ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားထားသည်။
ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက ဝါရှင်တန်ဒီစီတွင် အစ္စရေးနှင့် လေဘနွန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသော်လည်း အစ္စရေးသည် လေဘနွန်တောင်ပိုင်းကို ဆက် လက်ကျူးကျော်နေသည့်အပြင် တနင်္ဂနွေနေ့မွန်းလွဲပိုင်းက ဘေရွတ်မြို့တောင်ပိုင်း ဒါဟီယာ အရပ်သားရပ် ကွက်ကို ဗုံးကြဲခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်က အစ္စရေး၏ ယခု ကဲ့ သို့ အပစ်ရပ်မှုချိုးဖောက်မှုများကြောင့် တီဟီရန်အနေဖြင့် ဆွေး နွေးပွဲလမ်းကြောင်းကို ရပ်တန့်ပစ်ရုံတင်မကဘဲ ရန်သူနှင့် တိုက် ရိုက်ရင်ဆိုင်သွားမည်ဟု သတိပေးထားသည့်အတွက် အရှေ့အလယ်ပိုင်းအခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN