ဖိလစ်ပိုင်တောင်ပိုင်းတွင် ရစ်ခ်တာစကေး ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊ အဆောက်အအုံများ ပြိုကျပျက်စီးပြီး အာရှနိုင်ငံအများအပြားတွင် ဆူနာမီသတိပေး ချက်ထုတ်ပြန်

(နိုင်ငံတကာ) ဇွန် ၈

     ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းအလွန်တွင် ယနေ့ တနင်္လာနေ့နံနက်ပိုင်းက ရစ်ခ်တာစကေး ၇.၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ အပြင်းအထန် ပြိုကျပျက်စီးခဲ့ပြီး ဖိလစ်ပိုင်အပါအဝင် အာရှဒေသတွင်း နိုင်ငံအများအပြားတွင် ဆူနာမီသတိပေးချက်များ အရေးပေါ် ထုတ်ပြန်ထားရကြောင်း သိရသည်။

     အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS)၏ အဆိုအရ အဆိုပါငလျင်သည် ဒေသစံတော်ချိန် ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသုတေသနဌာန (PHIVOLCS) က ကနဦးငလျင်ပြီးနောက် တစ်နာရီကျော်ကြာသည်အထိ နောက်ဆက်တွဲငလျင် (Aftershocks) များ ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း အတည်ပြုသည်။

     ငလျင်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့် ဂျင်နရယ်ဆန်တိုစ် (General Santos) မြို့တွင် ဂျော်လီဘီ (Jollibee) စား သောက်ဆိုင်ဖွင့်လှစ်ထားသည့် သုံးထပ်အဆောက်အအုံတစ်ခု အပါ အဝင် ကောလိပ်ကျောင်းဆောင်အချို့နှင့် အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ကာ လမ်းဘေးသစ်ပင်များနှင့် မောင်းနှင်နေသည့် မော်တော်ယာဉ်များပါ ပြင်းထန်စွာ လှုပ်ခါခဲ့ကြောင်း သိရသည်။ လတ်တလောတွင် ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

     ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က အရပ်ဘက်ကာ ကွယ်ရေးရုံးနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေးကောင်စီ အပါအဝင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အသင့်ပြင်ဆင်လှုပ်ရှားစေခဲ့ပြီး၊ ကမ်းရိုးတန်းနှင့် ထိခိုက်လွယ်သည့် ပြည်နယ် ၉ ခုရှိ မိဘပြည်သူများအနေဖြင့် “အသက်သည် အရာရာထက် အရေးကြီးသဖြင့် မစောင့်ဆိုင်းဘဲ ကုန်းမြင့်ပိုင်းသို့ ချက်ချင်းရွှေ့ပြောင်းကြရန်” အရေးပေါ်တိုက်တွန်းထားကာ မင်ဒါနာအိုရှိ ကျောင်းများကိုလည်း ပိတ်ထားလိုက်ပြီဖြစ်သည်။

     ပစိဖိတ်ဆူနာမီသတိပေးစင်တာနှင့် ဂျပန်မိုးလေဝသအေဂျင် စီ (JMA)တို့၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်ကမ်း ရိုးတန်းဒေသများသို့ ၃ မီတာ (၉.၈ ပေ) အထိ မြင့်မားသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ပြီး၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့တွင် ၁ မီတာအထိ မြင့်သောလှိုင်းများ ရိုက်ခတ်နိုင်ကြောင်း သိရသည်။

     ထို့အပြင် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းစုများနှင့် တိုင်ဝမ်၊ မိုက်ခရိုနီးရှား၊ ပါပူအာနယူးဂီနီနှင့် ဆော်လမွန်ကျွန်းစုများတွင်လည်း အန္တရာယ်ရှိသော လှိုင်းလုံးကြီးများ ရိုက်ခတ်နိုင်သဖြင့် ကမ်းရိုးတန်းနေပြည်သူများကို ဘေးကင်းရာသို့ ရွှေ့ ပြောင်းရန်နှင့် ပင်လယ်ပြင်ရှိ စက်လှေများအနေဖြင့် ရေနက်ပိုင်းတွင်သာ ဆက်လက် နေထိုင်ကြရန် သက်ဆိုင်ရာနိုင်ငံအသီးသီးက အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN