လာအို၌ကျင်းပသည့် (၁၀) ကြိမ်မြောက် မာလာရီယာပပျောက်ရေး ထိပ်သီးအစည်းအဝေးသို့ မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်၊ တရုတ်-လာအိုတို့နှင့် ကဏ္ဍစုံပူးပေါင်းရန် ဆွေးနွေး

(ပြည်တွင်း)ဇွန် ၇

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် အာရှ-ပစိဖိတ် မာလာရီယာပပျောက်ရေး ခေါင်းဆောင်များ မဟာမိတ်အဖွဲ့ (APLMA) တို့ ပူးပေါင်း၍ ဇွန်လ ၅ ရက်နေ့က ဗီယင်ကျန်းမြို့၌ ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသတွင်း မာလာရီယာရောဂါ ပပျောက်ရေး ခေါင်း ဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

     အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆွန်ဆိုင်း ဆီဖန်ဒုန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ လာအိုကျန်းမာရေးဝန်ကြီး မဒမ် ဘေခမ်း ခတ္တိယနှင့် မြန်မာပြည်ထောင်စုဝန်ကြီးတို့က ၂၀၃၀ ပြည့်နှစ်တွင် မာလာရီယာရောဂါ ပပျောက်ရေးဆိုင် ရာ အောင်မြင်မှုများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် နယ် စပ်ချင်းထိစပ်နေသည့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် “၂၀၃၀ ပြည့်နှစ်တွင် မဲခေါင်ဒေသခွဲ မာလာရီယာရောဂါ ပပျောက်ရေး- တိုးတက် မှုများကို ဂုဏ်ပြုခြင်းနှင့် မတူကွဲပြားသော ချဉ်းကပ်မှုဆိုင်ရာ လိုအပ် ချက်များကို အသိအမှတ်ပြုခြင်း” အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်ကာ မြန်မာနိုင်ငံ၏ လုပ်ငန်း စဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

     ထို့နောက် မဲခေါင်ဒေသခွဲနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ၂၀၁၈ ခုနှစ်က နေပြည်တော်၌ စတင်လက်မှတ်ရေးထိုးခဲ့သည့် “မဲခေါင်ဒေသခွဲအတွင်း မာလာရီယာရောဂါ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို ချက်” (Joint Call to Action) ကို ထပ်လောင်းအတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။

     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုတို့သည် တရုတ်နိုင်ငံ အမျိုး သားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး ဒေါက်တာ ယုံကျန်းနှင့် တွေ့ဆုံကာ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် မာလာရီယာနှင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

     ထို့အပြင် ညနေပိုင်းတွင် လာအိုကျန်းမာရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနများအကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရေး၊ ဆေးဝါးနှင့် ကာကွယ်ဆေး ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့် လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN