
(နိုင်ငံတကာ) ဇွန် ၇
အမေရိကန်-အစ္စရေး မဟာမိတ်များနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပိုမိုကျယ်ပြန့်သော စစ်ပွဲအတွင်း ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် လက်ဘနွန်စစ်ဦးစီးချုပ် ရိုဒေါ့ဖ် ဟိုင်ကယ်သည် အဓိကစေ့စပ်ပေးသူဖြစ်သည့် ပါကစ္စတန်နိုင်ငံသို့ စနေနေ့က ရုတ်တရက် သွားရောက်ခဲ့ကြောင်း သိရသည်။
ယခုခရီးစဉ်သည် လက်ဘနွန်နိုင်ငံအတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို အမေရိကန်-အီရန် ဆွေးနွေးပွဲများနှင့် သီးခြားစီထားရှိရမည်ဟု ဝါရှင်တန်နှင့် လက်ဘနွန်ခေါင်းဆောင်များက အခိုင်အမာ ပြောဆိုနေသည့်ကြားမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း လက်ဘနွန်တောင်ပိုင်း ခါဒါလီ-နဗာတီးယား လမ်းမပေါ်၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘက်ဆိုင်ရာ မော်တော်ယာဉ်တစ်စီး ထိမှန်ကာ ဗိုလ်မှူးချုပ် ဝစ္စမ် ဆာဘရာ၊ ဗိုလ်ကြီး အီလီ ခူရီ နှင့် စစ်သည် ဟူစိန် ဂိုဇယ် တို့ သေဆုံးခဲ့ရပြီး ၎င်းတို့အတွက် ဈာပနအခမ်း အနားကို တနင်္ဂနွေနေ့တွင် ကျင်းပရန် ပြင်ဆင်နေကြသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန်က “ဖြေရှင်းချက်တစ်ခုရရှိဖို့ ကြိုးပမ်းနေတဲ့ လုပ် ငန်းစဉ်အားလုံးကို ပျက်ပြားစေဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု ရှုတ်ချခဲ့ပြီး၊ ဝန်ကြီးချုပ် နာဝက်ဖ် ဆလမ်ကလည်း ယင်းလုပ် ရပ်ကို လက်ဘနွန်ပြည်သူအားလုံးအပေါ် တိုက်ခိုက်သည့် ရွံရှာဖွယ်ရာဇဝတ်မှုအဖြစ် ပြစ်တင်ပြောဆိုခဲ့သည်။
လက်ဘနွန်ပါလီမန်၏ တစ်သီးပုဂ္ဂလအမတ်တစ်ဦးဖြစ်သူ နာဂျတ် အာအွန် ဆာလီဘာက အစ္စရေးစစ်တပ်နှင့် လက်ဘနွန်စစ်တပ်တို့အကြား အင်အားချင်း မမျှတမှုကို ထောက်ပြလျက် “စစ်ပွဲက ငြိမ်းချမ်းရေးကို ပေးမှာမဟုတ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ကလွဲလို့ အခြားရွေး ချယ်စရာမရှိဘူး” ဟု သုံးသပ်ခဲ့သည်။ ၎င်းက ဆက်လက် ၍ လက်ဘနွန်တပ်ဖွဲ့များ သည် ပြီးခဲ့သည့် နှစ် ၃၀ ကတည်းက နိုင်ငံရေးအရ ဘေးဖယ် ထားခြင်းခံခဲ့ရပြီး ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့်လည်း အစ္စရေး၏ စစ်ရာဇဝတ်မှုများနှင့် ကျူးကျော်မှုများကို မရပ်တန့်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
လတ်တလောတွင် အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဆေးခန်းများကို ပစ်မှတ် ထားတိုက်ခိုက်နေပြီး အရေးပေါ်ကယ်ဆယ်ရေးသမားများကိုပါ ထပ်ဆင့်တိုက်ခိုက်သည့် လုပ်ရပ်များ လုပ်ဆောင်နေခြင်းကြောင့် “လက်ဘနွန်ကို ဂါဇာကဲ့သို့ဖြစ်အောင် ဖန် တီးနေခြင်း” (Gazafication)အဖြစ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
မတ်လ ၂ ရက်နေ့ တိုက်ပွဲများ ပြန်လည်စတင်ခဲ့ကတည်းက လက်ဘနွန်တွင် လူပေါင်း ၃,၅၀၀ ကျော် သေ ဆုံးခဲ့ရပြီးဖြစ် ကြောင်းနှင့် အီရန်အစိုးရကမူ ဝါရှင်တန်နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးကို မရှိမဖြစ်လိုအပ်သော ကန့်သတ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN