
(မှုခင်း) ဇွန် ၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂၁/၇)အနီးတွင် အဝေးပြေးယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များ ပါဝင်သည့် ယာဉ်(၆)စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန် ၆ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က ကောင်းမြတ်မန်း Express ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး Guard Rail တန်းအား ဝင်ရောက်တိုက်မိပြီး အမြန်လမ်းပေါ်တွင် ကန့်လန့်ဖြတ် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ရပ်တန့်နေစဉ် အမြန်ယာဉ်ကြောတွင် ရပ်ထားသည့် Toyota Alphard (အဖြူရောင်)ယာဉ်၊ အနှေးယာဉ်ကြောတွင် ရပ်ထားသည့် Toyota Harrier(အဖြူရောင်)ယာဥ် နှင့် Isuzu (အဖြူရောင်)ယာဉ်တို့အား နောက်မှ လားရာတူ မောင်းနှင်လာသည့် သိန်းသန်းကုဋေ Express ယာဥ် နှင့် ဇေယျာမြိုင်ကြီး Express ယာဉ်တို့က ထပ်မံဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်(၆)စီး ဆင့်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ ပန်းတင်အမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါယာဥ် (၆)စီးဆင့် တိုက်မိမှုကြောင့် ဇေယျာမြိုင်ကြီး Express ယာဉ်မှ ခရီးသည် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၅)ဦး၊ သိန်းသန်းကုဋေ Express ယာဉ်မှ အမျိုးသမီး(၁)ဦး စုစုပေါင်း (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား ရဲတပ်ဖွဲ့ပိုင်ယာဉ်များနှင့် သုခဒါန လူမှုကူညီရေးအသင်းမှ ယာဉ်များဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကောင်းမြတ်မန်း Express၊ Toyota Alphard(အဖြူရောင်)ယာဥ်၊ Toyota Harrier (အဖြူရောင်)ယာဥ်နှင့် Isuzu (အဖြူရောင်)ယာဉ်များပေါ်မှ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။