
(နိုင်ငံတကာ) ဇွန် ၆
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ မြောက်ကိုရီးယားခရီးစဉ် မစတင်မီ ရက်ပိုင်းအလိုတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ ရေတပ်မတော်ကို တန်ချိန် ၁၀,၀၀0 ရှိ စစ်ဖျက်သင်္ဘော (Destroyer) ကြီးတစ်စင်း တည်ဆောက်ရန်နှင့် လျှို့ဝှက်ရေအောက်လက်နက်များ တီထွင်ရန် အမိန့်ပေးလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
စနေနေ့ထုတ် မြောက်ကိုရီးယားအစိုးရရုံးစိုက်ရာ ရိုဒေါင်ဆင်မွန် (Rodong Sinmun) သတင်းစာ၏ ဖော်ပြချက်အရ ကင်ဂျုံအန်းသည် ကြာသပတေးနေ့က ရေတပ်စမ်း သပ်မှုတစ်ခုကို လူကိုယ်တိုင်သွားရောက်ကြီးကြပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်ရာတွင် ပြီးခဲ့သည့်နှစ်က ရေချအခမ်း အနားအတွင်း တစ်စိတ်တစ်ပိုင်း တိမ်းမှောက်ခဲ့သဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရသည့် တန်ချိန် ၅,၀၀၀ ရှိ ‘ကန်ကွန်’ (Kang Kon) ဖျက်သင်္ဘောပေါ်သို့ တက်ရောက်စစ်ဆေးခဲ့သလို၊ အခြားတန်ချိန် ၅,၀၀၀ ရှိ ‘ချွဲဟျွန်း’ (Choe Hyon) စစ်သင်္ဘောကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ယခုခရီးစဉ်တွင် ကင်ဂျုံအန်းနှင့်အတူ ဆယ်ကျော် သက်အရွယ်ရှိ ၎င်း၏သမီးဖြစ်သူ ဂျူအေး(Ju Ae)လည်း အတူတကွ လိုက်ပါခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့် ဇွန် ၈ ရက်မှ ၉ ရက်အထိ ပြုံယမ်းမြို့သို့ လာရောက်လည်ပတ်မည်ဖြစ်ပြီး၊ ယင်းမှာ ၇ နှစ်တာကာလအတွင်း မြောက်ကိုရီးယားသို့ ဒုတိယအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။
မကြာသေးမီက ရုရှားနှင့် စစ်ရေးအရ အလွန်နီးကပ်သော ဆက်ဆံရေး ရှိလာခဲ့သည့် မြောက်ကိုရီးယားနိုင်ငံကို တရုတ်၏ တစ်ဦးတည်းသော တရားဝင် စာချုပ်ချုပ်ဆိုထားသည့် မဟာ မိတ်အဖြစ် ၎င်းတို့ဘက်သို့ ပြန်လည်ဆွဲဆောင်ရန် ရှီကျင့်ဖျင်က ကြိုးပမ်းနေချိန်လည်း ဖြစ်သည်။
တောင်ကိုရီးယား အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတရားရုံး သုတေသနအဖွဲ့မှ အကြီးတန်းသုတေသနပညာရှင် ဟွန်မင်း(Hong Min)က မြောက်ကိုရီးယားအနေ ဖြင့် ယခုကဲ့သို့ တန်ချိန် ၁၀,၀၀၀ ရှိ ဖျက်သင်္ဘောကြီး တည်ဆောက်မည့် အစီ အစဉ်ကို ထည့်သွင်းပြောဆိုလာခြင်းမှာ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် တရုတ်ခေါင်းဆောင် မလာရောက်မီ မိမိတို့၏ စစ်ရေးစွမ်းဆောင်ရည်ကို ထုတ်ကြွားပြသလိုခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
ကင်ဂျုံအန်းကမူ နျူကလီးယားတိုက်ခိုက်မှုများကို ဟန့် တားနိုင်ရန် ရေတပ်စွမ်းပကားကို မဖြစ်မနေ မြှင့်တင်ရမည်ဖြစ်ပြီး၊ ကုန်း၊ ရေ၊ လေ သုံးရပ်လုံးတွင် အင်အားတောင့်တင်းသော စစ်ဘက်စွမ်းရည်များ ရှိရမည်ဟု လမ်းညွှန်ခဲ့သည်။
၎င်းသည် ကြာသပတေးနေ့ကပင် အသစ်ဖွင့်လှစ်သည့် နျူ ကလီးယားပစ္စည်းထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကာ အဏု မြူလက်နက်တိုက်ကို “အဆမတန်” တိုးချဲ့သွားရန်လည်း အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN