
(နိုင်ငံတကာ) ဇွန် ၆
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က ကမ္ဘာ့နိုင်ငံပေါင်း ၃၉ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ချမှတ်ထားသည့် ကျယ်ပြန့်သော လူဝင်မှုကြီးကြပ်ရေးနှင့် ဗီဇာလုပ်ငန်းစဉ် ပိတ်ပင်ကန့်သတ်ချက်များကို အမေရိကန် ဖက်ဒရယ်တရားသူ ကြီးတစ်ဦးက ဥပဒေနှင့် မညီညွတ်ဟုဆိုကာ သောကြာနေ့တွင် ပယ်ချလိုက်သည်။
ဝါရှင်တန်ဒီစီတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (National Guard)နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ် ပွားပြီးနောက်၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက ထရန့်အစိုးရက ယခုကန့်သတ်ချက်များကို စတင်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ခရိုင်တရား သူကြီး ဂျွန် မက်ကော်နယ် (John McConnell) ၏ စီရင်ချက်တွင် ထိုမူဝါဒသည် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှဒေသတို့မှ မရေမတွက်နိုင်သော ရွှေ့ပြောင်းနေထိုင်သူများစွာ၏ ဘဝကို ဥပဒေကြောင်းအရ အာမခံချက်မရှိသည့် လေလွင့်ဆိုင်းငံ့မှု အခြေအနေထဲသို့ တွန်းပို့ခဲ့သည်ဟု ပြင်းထန်စွာ ဝေဖန်ထား သည်။
ထရန့်အစိုးရအဖွဲ့က ဤကန့်သတ်ချက်များသည် အမျိုးသားလုံခြုံရေးအတွက် လိုအပ်သည်ဟု လျှောက်လဲခဲ့သော်လည်း တရားသူကြီး မက်ကော်နယ်က ငြင်းပယ်ခဲ့သည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုဌာန (USCIS) သည် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် အမုန်းပွားစိတ်များကို ဖုံးကွယ်ရန်အတွက် ‘အမျိုးသားလုံခြုံရေး’ ကို အကြောင်းပြချက်အဖြစ် သုံးခဲ့ခြင်းဖြစ်ပြီး၊ လျှောက်ထားသူများ၏ အမှားကြောင့်မဟုတ်ဘဲ ၎င်းတို့ မွေးဖွားရာဇာတိမြေကြောင့် ခွဲခြားဆက်ဆံခံရခြင်း ဖြစ်သည်ဟု စီရင် ချက်တွင် ဖော်ပြထား သည်။
ဤပိတ်ဆို့မှုကြောင့် လပေါင်း ၆ လကျော်ကြာသည်အထိ လူပေါင်းများစွာသည် အလုပ်အကိုင်နှင့် တရားဝင်နေထိုင်ခွင့် အဆင့်အတန်းမရှိဘဲ ဖြစ်နေကြရသည်။
သမ္မတထရန့်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည်ဟု ကြွေး ကြော်ခဲ့သော်လည်း ယခုအခါ တရားဝင် ရွှေ့ပြောင်းနေထိုင်ခွင့် လမ်း ကြောင်းများကိုပါ ပိုမိုပစ်မှတ်ထား ကန့်သတ်လာခဲ့သည်။ ဇန်န ဝါရီလကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ရွှေ့ပြောင်းဗီဇာများကို ဆိုင်းငံ့ခဲ့သလို၊ စစ်ဆေးပြီးသား ဒုက္ခသည် ဝင်ရောက်ခွင့် အရေ အတွက်ကိုလည်း သမိုင်းတစ် လျှောက် အနိမ့်ဆုံးအဆင့်အထိ လျှော့ချခဲ့သည်။
ထို့ပြင် အသားဖြူ အာဖရိကန်နာ (White Afrikaners) ဒုက္ခသည်များကိုသာ ဦးစားပေးနေရာချထားပေးခဲ့၍ လူ မျိုးရေးခွဲခြားမှုအဖြစ် ဝေဖန်ခံနေရသည်။
ဒီမိုကရေစီ ဖော်ဝပ် (Democracy Forward) အဖွဲ့၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ စကိုင်း ပယ်ရီမန် (Skye Perryman) က ယခုစီရင်ချက်သည် ဖက်ဒရယ်အစိုးရအနေဖြင့် တရားဝင် လူဝင်မှုကြီးကြပ်ရေးလမ်းကြောင်းများကို ပိတ်ပစ်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဇာတိမြေအပေါ် မူတည်ပြီး ခွဲခြားဆက် ဆံခြင်း မပြုနိုင်ဆိုသည့် အခြေခံမူကို ပြန်လည်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းနှင့် အစိုးရ၏ တရားမဝင်မူဝါဒများကြောင့် ထိခိုက်ခဲ့ရသည့် မိသားစုများနှင့် အလုပ်သမားများအတွက် ဘဝကို ရှေ့ဆက်နိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN