
(နိုင်ငံတကာ) ဇွန် ၆
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ အငြင်းပွားဖွယ်ရာ လူအမြောက်အမြား ပြည်နှင်ဒဏ်ပေးမည့် လုပ်ငန်း စဉ်များအတွက် ကာလရှည်ကြာ တောင်းဆိုနေခဲ့သည့် အပိုဆောင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ ပံ့ပိုးပေးမည့် ဥပဒေ ကြမ်းကို အမေရိကန် ဆီးနိတ်လွှတ်တော်က သောကြာနေ့ နံနက်အစောပိုင်းတွင် အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။
အဆိုပါဥပဒေကြမ်းသည် သမ္မတထရန့်၏ သက်တမ်းတစ်ခုလုံးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) နှင့် အကောက်ခွန်နှင့် နယ်စပ်ကာ ကွယ်ရေးအဖွဲ့ (CBP)တို့ကို ဘဏ္ဍာငွေ ပံ့ပိုးပေးသွားမည် ဖြစ် သည်။ ဤရန်ပုံငွေသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အခွန်ဥပဒေ ကြမ်းတွင် အမျိုးသားလုံခြုံရေးဝန်ကြီး ဌာန (DHS) အောက်ရှိ အဆိုပါ အေဂျင်စီနှစ်ခုအတွက် ခွဲဝေပေးထားပြီးဖြစ်သော ဒေါ်လာ ၁၇၀ ဘီလီယံအပြင် ထပ်မံဖြည့်စွက်ပေးခြင်းလည်း ဖြစ်သည်။
ဆီးနိတ်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်များက အမတ်နေရာ ၅၃ နေရာဖြင့် အများစုအဖြစ် စိုးမိုးထားသော်လည်း၊ ဇန်နဝါရီလအတွင်းက မင်နီဆိုးတားပြည်နယ်တွင် ICE အေးဂျင့်များကြောင့် အမေရိကန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ရပြီးနောက် ဒီမိုကရက်များက ရန်ပုံငွေ ထပ်မံပေးအပ်ရန် ပြတ် ပြတ်သားသား ငြင်းဆန်ခဲ့ကြသည်။ ဤတင်းမာမှုကြောင့် အမျိုးသားလုံခြုံရေးဝန်ကြီးဌာနသည် ၇၆ ရက်ကြာ လုပ် ငန်းများ ရပ်ဆိုင်းခဲ့ရပြီး (Shutdown ဖြစ်ခဲ့ပြီး) ဧပြီလနှောင်းပိုင်းတွင် ယာယီဘတ်ဂျက်ဖြင့် ပြန်လည်လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရက်များ၏ အချိန်ဆွဲကန့်ကွက်မှုကို ကျော်လွှားရန် ရီပတ်ဘလစ်ကန်များသည် ဘတ်ဂျက်ညှိနှိုင်းမှု (Budget Reconciliation) ဟုခေါ်သည့် ဥပဒေပြုရေးမဟာဗျူဟာကို အသုံးပြုခဲ့ရသည်။ ထိုလုပ်ငန်းစဉ်ကြောင့် “Vote-a-rama” ဟုခေါ်သည့် နာရီပေါင်းများစွာ ကြာမြင့်သော ပြင်ဆင်ချက်တင်သွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ဒီမိုကရက်များက ရီပတ်ဘလစ်ကန်များအား နိုင်ငံရေးအရ အကျပ်ရိုက်စေမည့် မဲခွဲမှုများကို ပြုလုပ်ကာ ဖိအားပေးခဲ့ကြသည်။
ဒီမိုကရက်များသည် သမ္မတထရန့်နှင့် ပြည်တွင်းအခွန်များဌာန (IRS) တို့အကြား ဖျန်ဖြေမှုမှရရှိကာ၊ ဇန်နဝါရီ ၆ ရက် လွှတ်တော်စီးနင်းမှုတွင် ပြစ်ဒဏ်ကျခံရသူများကိုပါ နစ်နာကြေးပေးရန် ရည်ရွယ်ထားသည့် ဒေါ်လာ ၁.၇၇၆ ဘီလီယံတန် “လက် နက်သဖွယ် အသုံးချမှု ဆန့်ကျင်ရေး ရန်ပုံ ငွေ” (Anti-weaponisation fund)ကို တားမြစ်ရန် ပြင် ဆင်ချက် တင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ထို့အတူ အိမ်ဖြူတော် ကပြပွဲခန်းမဆောင် (White House ballroom) လုံခြုံရေးအတွက် ဒေါ်လာ ၁ ဘီလီယံ ထပ်မံတောင်းဆိုထားမှုကို ကန့်ကွက်သည့် အဆိုပြုချက်များလည်း အတည်မပြုနိုင်ခဲ့ပေ။
ယခုအခါ အဆိုပါ ရန်ပုံငွေဥပဒေကြမ်းသည် ရီပတ်ဘလစ်ကန်များက ၂၁၇ မဲ – ၂၁၂ မဲဖြင့် အနည်းငယ်မျှသာ အသာစီးရထားသည့် အောက်လွှတ်တော်သို့ ဆက်လက်ပေးပို့ရမည် ဖြစ်သည်။
ရီပတ်ဘလစ်ကန်ခေါင်းဆောင်များက ယင်းဥပဒေ ကြမ်းကို လာမည့်သီတင်းပတ်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ပါတီတွင်း သဘောထားကွဲလွဲမှုအချို့ ရှိနေသော်လည်း လူဝင်မှုကြီးကြပ် ရေး ရန်ပုံငွေအပေါ် ရီပတ်ဘလစ်ကန်များက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံထားကြသဖြင့် အောက်လွှတ်တော်တွင် အတည်ပြုနိုင် ခြေ ရှိသည်ဟု သုံးသပ်ရသည်။ အောက်လွှတ်တော်ကပါ အတည်ပြုပြီးပါက သမ္မတထရန့် လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် စတင်သက်ရောက်မည် ဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN