
(ပြည်တွင်း) ဇွန် ၆
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ယနေ့ (ဇွန် ၅ ရက်) နံနက် ၁၁:၀၀ နာရီတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။
နှစ်ဖက်တွေ့ဆုံမှုတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိ ရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် “အေးအတူပူအမျှ အသိုက်အဝန်း” တည်ထောင်မှုအပါအဝင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံလုံးအတွက် အရေးပါသည့် နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)များနှင့် တရား မဝင်လုပ်ငန်းများကို အိမ်နီးချင်းကောင်းပီသစွာ အတူတကွ လက်တွဲပူးပေါင်းတိုက်ဖျက်သွားရန်နှင့် ဒေသတွင်းနှင့် နိုင်ငံ တကာမျက်နှာစာများတွင်လည်း အပြန်အလှန် ထောက်ခံရပ်တည်ပြီး အကျိုးတူပူး ပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ အစဉ်တစိုက် ထောက်ခံအား ပေးမှုများနှင့် မြေငလျင်အပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် ကူညီပေးခဲ့မှုအတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” နှင့် တရုတ်နိုင်ငံအကြီးအကဲ၏ ကမ္ဘာလုံးဆိုင်ရာ အစီအမံ (၄) ရပ်အပေါ် အပြည့်အဝ ထောက်ခံပါကြောင်း၊ SCO နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကလည်း မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီတည်ဆောက်မှုတွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီး ပွားနှင့် ကိုက်ညီသည့် လမ်းကြောင်းဖြင့် လျှောက်လှမ်းနေမှုကို တရုတ်နိုင်ငံက ထောက် ခံအားပေးကြောင်းနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာနနှစ်ရပ်အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံ ကြည်မှုကို မြှင့်တင်ကာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မစ္စတာဝမ်ယိက မြန်မာကိုယ်စားလှယ်အဖွဲ့အား နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဆက်လက်၍ ညနေ ၁၆:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာလီဟုန်ကျုံးနှင့် ပြည်သူ့ခန်းမဆောင်၌ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်နှင့် အစိုးရသစ်မှ ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရေးနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN