
(နိုင်ငံတကာ) ဇွန် ၅
နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ရိုမေးနီးယားနိုင်ငံ၏ ကွန်စတန်တာ (Constanta) ဆိပ်ကမ်းတွင် ရေ ကြောင်းသုံးဒရုန်း (မောင်းသူမဲ့ရေယာဉ်) တစ်စင်း ပေါက်ကွဲခဲ့ပြီး အနီးနားတွင်လည်း အခြားဒရုန်းအချို့ကို ထပ်မံတွေ့ရှိခဲ့သဖြင့် ရုရှား-ယူကရိန်းစစ်ပွဲသည် အိမ်နီးချင်း ဥရောပနိုင်ငံများဆီသို့ နယ်ကျွံကျရောက်လာမည့်အရေး စိုးရိမ်ပူပန်မှုများ အပြင်းအထန် မြင့်တက်လာနေသည်။
ရိုမေးနီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါဒရုန်းသည် သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၁၀:၃၀ နာရီတွင် ရေနံတင်ဆိပ်ခံတံတားတစ်ခုအနီး၌ အလိုအလျောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း အခြေအနေအရေးကြီးသဖြင့် ဆိပ်ကမ်းတစ်ခုလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး၊ ပင်လယ်နက်ကမ်းခြေတစ်လျှောက်ရှိ ဒေသခံများကိုလည်း ဘေးကင်းရာတွင် ခိုလှုံနေကြရန် ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ ယူကရိန်းရေတပ်က မိမိတို့ ၏ ဒရုန်းဖြစ်ကြောင်း ရိုမေးနီးယားအစိုးရထံ အကြောင်း ကြား ဝန်ခံခဲ့သည်။ ပင်လယ်နက်အတွင်း စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် ယူကရိန်းမောင်းသူမဲ့ရေယာဉ်သည် ရုရှားစစ်တပ်၏ အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic Warfare) နှောင့် ယှက်မှုကြောင့် ထိန်းချုပ်မှုလွတ်ကာ ရိုမေးနီးယားကမ်းခြေဘက်သို့ လမ်းကြောင်းလွဲပြီး ရောက်ရှိသွားခြင်းဖြစ်ကြောင်း ကိဗ်ဘက်က ရှင်းလင်းခဲ့သည်။
ရိုမေးနီးယားသမ္မတ နီကူဆော ဒန် (Nicusor Dan) က ယခုဖြစ်ရပ်သည် ယခုရက်သတ္တပတ်အတွင်း ၎င်းတို့ကမ်း ခြေ၌ ဒုတိယအကြိမ်မြောက် ကြုံတွေ့ရသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုရက်သတ္တ ပတ်အစောပိုင်းကလည်း ရိုမေးနီးယားရေတပ်သည် ပင်လယ်နက်ကမ်းခြေသို့ မျောပါလာသည့် ရုရှား၏ YaRM အမျိုးအစား ကမ်းတက်ဆန့်ကျင်ရေးမိုင်းတစ်လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့ရသလို၊ လွန်ခဲ့သည့်ရက် သတ္တပတ်ကလည်း ရုရှားဒရုန်းတစ်စင်း ရိုမေးနီးယားရှိ လူနေအိမ်ယာပေါ် ပျက်ကျခဲ့ဖူးသည်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ ယူဆူလာ ဗွန်ဒါလေယန် (Ursula von der Leyen) က ယခုဖြစ်စဉ်သည် ရုရှား-ယူကရိန်းစစ်ပွဲ၏ တိုက်ရိုက်အကျိုးဆက်ဖြစ်ပြီး အရှေ့ဘက်နယ်စပ်ရှိ နေတိုးနှင့် ဥရောပနိုင်ငံများအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်လာနေကြောင်း ပြင်းထန်စွာ သတိပေးခဲ့သည်။
ဥရောပအနေဖြင့် ဒရုန်းတိုက်ဖျက်ရေးစနစ်များနှင့် လေ ကြောင်းရန်ကာကွယ်ရေးစနစ်များတွင် အကြီးအကျယ် တိုးမြှင့်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ပွဲ၏ နယ်ကျွံသက်ရောက်မှုသည် နေတိုးအဖွဲ့ဝင်မဟုတ်သည့် အဇာဘိုင်ဂျန်နိုင်ငံကိုလည်း ထိခိုက်ခဲ့ပြီး၊ အာဇော့ဗ်ပင်လယ် (Sea of Azov) အတွင်း ယူကရိန်းဒရုန်းများက ရုရှားဘက်မှ ဂျုံများနှင့် စစ်ဘက်ကုန်ပစ္စည်းများ သယ် ဆောင်နေသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့ရာ အဇာဘိုင်ဂျန်နိုင်ငံသား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN