နျူကလီးယားစက်ရုံ ပြုပြင်ရန်အတွက် ဇာပိုရီဇီးယားတွင် ဒေသအလိုက် အပစ်ရပ်စဲရေး IAEA ကြားဝင်စေ့စပ်ပေး

(နိုင်ငံတကာ) ဇွန် ၅

     ယူကရိန်းနိုင်ငံရှိ ဇာပိုရီဇီးယား (Zaporizhzhia) နျူကလီး ယားဓာတ်အားပေးစက်ရုံဝန်းကျင်တွင် အရေးကြီးသည့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန်အတွက် ရုရှား-ယူကရိန်း စစ်ပွဲအတွင်း “ဒေသအလိုက် အပစ်အခတ်ရပ်စဲရေး” တစ်ရပ်ကို ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က ပြောကြားခဲ့သည်။ ကုလသမဂ္ဂ ၏ နျူကလီးယားဆိုင်ရာ အေ ဂျင်စီဖြစ်သည့် IAEA ၏ ထုတ်ပြန်ချက်အရ အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် သောကြာနေ့ (ယနေ့) နံနက်ပိုင်းမှစတင်၍ အသက်ဝင်ခဲ့ကြောင်း သိရသည်။

     ဥရောပတွင် အကြီးမားဆုံးဖြစ်သည့် ဇာပိုရီဇီးယား နျူ ကလီးယားစက်ရုံ၏ ဘေးကင်းလုံခြုံရေးသည် ၄ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သော ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ကမ္ဘာတစ်ဝှမ်းလုံး၏ အဓိကစိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်နေခဲ့သည်။ လက်ရှိတွင် စစ်မျက်နှာအရှေ့တန်းစစ်ကြောင်းမှာ ဇာပိုရီဇီးယားဒေသကို ဖြတ်သန်းတည်ရှိနေသဖြင့် အဆို ပါဧရိယာအတွင်း ပြင်းထန်သော မြေပြင်တိုက်ပွဲများ၊ ဒရုန်းဖြင့်ဗုံးကြဲမှုများနှင့် လက်နက် ကြီးပစ်ခတ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပွားနေခြင်းဖြစ်သည်။

     ထို့ကြောင့် နျူကလီးယားမတော်တဆမှု ဖြစ်ပွားလာမည့်အရေးကို စိုးရိမ်သောကြောင့် နာရီပိုင်းအတွင်း နှစ်ဖက်စလုံးမှ နည်းပညာရှင်များသည် စစ်ပွဲကြောင့် ပျက်စီးသွားရသည့် အစိတ်အပိုင်းများကို စတင်ပြုပြင်သွားကြမည်ဖြစ် သည်။

     ယခုအပစ်ရပ်မှုသည် ၂၀၂၂ ခုနှစ် စစ်ပွဲစတင်ကတည်း က IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးလ် ဂရော့စီ (Rafael Grossi) က နှစ်ဖက်ညှိနှိုင်း ဆွေးနွေးပေးခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ယာယီအပစ်အခတ်ရပ်စဲရေး ဖြစ်သည်။ ၎င်း၏အဆိုအရ မော်စကိုနှင့် ကိဗ်တို့သည် “နျူကလီးယားဘေးကင်းလုံခြုံ ရေးအတွက်” ဒီနီပရော့ဗ်စကာ (Dniprovska) ဓာတ်အားလိုင်းကို ပြန်လည်ပြုပြင်ရန် တိုက်ပွဲများကို ခေတ္တရပ်ဆိုင်းထားရန် သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

     အဆိုပါစက်ရုံသည် လွန်ခဲ့သော နှစ်လကျော်ကတည်းက ဓာတ်အားလိုင်းမှ ပြတ်တောက်နေခဲ့သဖြင့် စက်ရပ်နားထားသည့် ရီအက်တာ (Reactor) ၆ ခုကို အအေးခံရန် လိုအပ်သော လျှပ် စစ်ဓာတ်အားအတွက် လိုင်းတစ်ခုတည်းအပေါ်၌သာ မှီခိုနေရခြင်းဖြစ်သည်။ မကြာသေးမီ ရက် သတ္တပတ်များအတွင်းကလည်း ထိုလိုင်းပါ ထပ်မံပြတ်တောက်ခဲ့သဖြင့် အရေးပေါ် ဒီဇယ်မီးစက်များကိုသာ အား ကိုးခဲ့ရသည်။

     ယာယီအပစ်အခတ်ရပ်စဲရေး မစတင်မီ နာရီပိုင်းအလိုအထိ ဇာပိုရီဇီးယားဒေသတွင် ရုရှား၏ ညတွင်းချင်း ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကိဗ်မြို့အနီးရှိ စားသောက် ကုန်ထုတ်လုပ်ရေး စက်ရုံတစ်ခုကို ရုရှားဒရုန်း ထိမှန်မှုကြောင့် သောကြာနေ့နံနက်အစောပိုင်းတွင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး မိုင်ကိုလာ ကာလတ်ရှ်နစ် (Mykola Kalashnyk) က ပြောကြားခဲ့သည်။

     အလားတူ ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့တွင် ရုရှားဒရုန်းကြောင့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ မြောက်အမေရိကတိုက်အနီးရှိ ကိုနိုတော့ပ် (Konotop) မြို့တွင်လည်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

     တစ်ချိန်တည်းမှာပင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း၏ လတ်တလော ဒရုန်းတိုက်ခိုက်မှုများကို တား ဆီးနိုင်ရန်အတွက် ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ပိုမိုမြှင့်တင်ပြီး အားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN