ယူကရိန်းတွင် ရုရှားတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံး၊ စစ်ပွဲအတွင်း ကလေးငယ် ၇၀၇ ဦး သေဆုံးခဲ့ရမှုအပေါ် ကိဗ်မြို့တော်၌ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်

(နိုင်ငံတကာ) ဇွန် ၅

     ယူကရိန်းနိုင်ငံတစ်ဝှမ်းတွင် ရုရှား၏ လတ်တလော စစ်ရေးအရ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၁၂ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီသော ပြည်သူများ ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီ(Volodymyr Zelenskyy)က နှစ်နိုင်ငံအကြား ၄ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သော စစ်ပွဲအတွင်း ရုရှားကြောင့် သေဆုံးခဲ့ရသည့် အနည်းဆုံး ယူကရိန်းကလေးငယ် ၇၀၇ ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်း အနားကို မြို့တော်ကိဗ်၌ ပြုလုပ်ခဲ့သည်။

     ယူကရိန်းအရှေ့ပိုင်း ဒိုးနက်စ်ဒေသ(Donetsk) အတွင်း ရုရှား၏ ဗုံးကြဲမှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အနည်း ဆုံး လူ ၅ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအမျိုးသားရဲတပ်ဖွဲ့၏ သတင်းပြန်ကြားရေးဌာနက ပြောကြားခဲ့သည်။ ရုရှား၏ ပစ်ခတ်မှုများကြောင့် လူနေအခြေချရာ ဒေသ ၇ ခုအတွင်းရှိ တိုက်ခန်းတွဲ ၁၄ လုံး၊ မော် တော်ယာဉ် ၁၁ စီး၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုနှင့် လူနာတင်ယာဉ်များ ပျက် စီးခဲ့ရသဖြင့် အရပ်ဘက် အခြေခံအဆောက်အအုံ ထိခိုက်ပျက် စီးမှုမှာ အလွန်ပြင်း ထန်ခဲ့သည်။

     အလားတူ ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသ (Kharkiv)တွင်လည်း ရုရှား၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ် ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူး အိုလက် ဆီညေဟူဘော့ဗ် (Oleh Syniehubov) က ဆိုသည်။

     ယင်းအရှေ့ မြောက်ပိုင်းဒေသ၏ ဆူမီ(Sumy)စစ်ဘက် ဆိုင်ရာ အုပ် ချုပ်ရေးမှူး အိုလက် ဂရီဂိုရော့ဗ်(Oleg Hrygorov)၏ အဆိုအရ ယာမ်ပီလ် (Yampil) ကျေးရွာအတွင်း ရုရှား၏ တိုက် ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ ဆောင်ထားရကြောင်း သိရသည်။

     ယူကရိန်းအလယ်ပိုင်း ဒနီပရိုပက်ထရော့ဗ်ဒေသ (Dnipropetrovsk)တွင်လည်း ရုရှား၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ လော့ဂျစ်စတစ်ကုမ္ပဏီ အဆောက် အအုံတစ်ခု အပါ အဝင် အရပ်ဘက် အခြေခံအဆောက် အအုံများ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေးမှူး အိုလက်ဆန္ဒာ ဂန်ဇာ (Oleksandr Ganzha) က ပြောကြားခဲ့သည်။

     ထို့အပြင် ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသ(Kherson) ရှိ ကိုမီရှာနီ(Komyshany)အရပ်တွင်လည်း ရုရှား၏ လက် နက်ကြီးပစ်ခတ်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ရကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလက်ဆန္ဒာ ပရိုကူဒင် (Oleksandr Prokudin) က အတည်ပြုခဲ့သည်။

     ရုရှား၏ ယခုနောက်ဆုံး တိုက်ခိုက်မှုများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ရုရှား၏ စစ်ရေးတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ကလေးငယ်များကို ရည်စူး၍ ပြုလုပ်သည့် “ရုန်းကန်ရမှုများကြောင့် အပြစ်မဲ့ကလေးငယ်များ ထိခိုက်ခံရမှုဆိုင်ရာ နိုင်ငံတကာနေ့ (International Day of Innocent Children Victims of Aggression)” အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသည်။

     သမ္မတ ဇလန်းစကီးက “ဒီနေ့ဟာ စစ်ပွဲရဲ့ အနာကျင်ရဆုံး အခန်းကဏ္ဍတွေအကြောင်း၊ အားအနည်းဆုံးနဲ့ အပြစ်မဲ့ဆုံး ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ ရုရှားရဲ့ အကြီးမားဆုံး မတရားမှုနဲ့ မကောင်းမှုတွေအကြောင်းကို အောက်မေ့တဲ့နေ့ ဖြစ်ပါတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ၎င်းက ယူကရိန်းကလေးငယ် အနည်းဆုံး ၇၀၇ ဦး သေဆုံးခဲ့ရသည့်အပြင် ရုရှား၏ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ဒဏ်ရာရရှိခြင်း ခံခဲ့ရသည့် ကလေးငယ် ထောင်ပေါင်းများစွာ ရှိနေပြီး အချို့၏ ကံကြမ္မာကိုမူ မသိရသေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

     နောက်ပိုင်းတွင် ယူကရိန်းသမ္မတက စစ်ပွဲအဆုံးသတ်ရေးအတွက် လူချင်းတွေ့ဆုံဆွေးနွေးရန် ရက်သတ်မှတ်ဖို့ စာရေးသားကမ်းလှမ်းခဲ့ရာ၊ ကရင်မလင် နန်းတော်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ဇလန်းစကီးအနေ ဖြင့် မော်စကိုမြို့သို့ “မည်သည့်အချိန်မဆို” လာရောက်၍ သမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံနိုင်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

     ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်းပိုင်နက်များအတွင်း၌ လည်း ယူကရိန်း၏ ဒရုန်းဖြင့် တုံ့ပြန်တိုက်ခိုက်မှုများကြောင့် လူဟန့်စ်ဒေသ (Luhansk) တွင် အရပ်သား မော်တော်ယာဉ်တစ်စီး ထိမှန်ကာ ယာဉ်မောင်း သေဆုံးခဲ့ရကြောင်း မော်စကိုက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး လီယိုနစ် ပါဆီချနစ် (Leonid Pasechnik) က ဆိုသည်။

     ထို့အပြင် ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်း ဆွယ် (Crimea)တွင်လည်း ယူကရိန်း၏ ဒရုန်းကြောင့် ရထားတစ်စင်း ထိမှန်ကာ လူ ၁ ဦး သေဆုံးပြီး၊ ဆင်ဖရိုပိုမြို့ (Simferopol) ရှိ လူမနေသည့် အဆောက် အအုံများ တိုက်ခိုက်ခံရမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ရုရှားကျောထောက် နောက်ခံပြု အာဏာပိုင်များက ပြောသည်။

     တစ်ချိန်တည်းမှာပင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏တပ်ဖွဲ့များသည် ယူကရိန်းအရှေ့တောင်ပိုင်း ဇာပိုရီဇီးယားဒေသ (Zaporizhia)ရှိ ကွန်ဆိုမောစကွိုင် (Komsomolskoye) ကျေးရွာကို သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် ယူကရိန်းစစ်သည် ၄၃၀ ဦးခန့်ကို အသေအပျောက်ဖြစ်စေခဲ့ကြောင်း ကြေညာခဲ့သည်။

     ယခုတိုက်ခိုက်မှုသည် ယူကရိန်းဒရုန်းများက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ရေနံချက်စက်ရုံနှင့် ရေတပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ပြီးနောက်၊ ရုရှားအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ပိုမိုမြှင့်တင်ရမည်ဟု သမ္မတ ပူတင်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

#PAN