
(နိုင်ငံတကာ) ဇွန် ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနှင့် စစ် ပွဲဆင်နွှဲရာတွင် ၎င်း၏ သမ္မတစစ်အာဏာကို ကန့်သတ်ရန် ကွန်က ရက်လွှတ်တော်၏ အတည်ပြုချက်ရယူရေး အဆိုပြုချက်ကို ထောက်ခံမဲပေးခဲ့ကြသည့် ၎င်း၏ ရီပတ်ဘလစ်ကန် (Republican)ပါတီဝင် လွှတ်တော်အမတ်များကို “မျိုးချစ်စိတ်မရှိသူများ” ဟု ကြာသပတေးနေ့တွင် ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်သည်။
အမေရိကန် အောက်လွှတ်တော် (House of Representatives)တွင် ဗုဒ္ဓဟူးနေ့က သမ္မတ၏ စစ်ပွဲဆင်နွှဲမှု အာဏာကို ကန့်သတ်သည့် စစ်အာဏာထိန်းချုပ်ရေး ဆုံးဖြတ် ချက်အဆို (War Powers Resolution) ကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၂၀၈ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ ယခင်က သုံးကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးသည့် ယခုအဆိုပြုချက်သည် ယခုအကြိမ်တွင် ဒီမိုကရက် (Democrat)အမတ်များနှင့်အတူ ရီပတ်ဘလစ်ကန်ပါတီမှ လွှတ်တော်အမတ် ၄ ဦးက ပူးပေါင်းထောက်ခံမဲ ပေးခဲ့ခြင်းကြောင့် မဟာဗျူဟာမြောက် အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မဲခွဲမှုအပြီးတွင် သမ္မတထရမ့်က ၎င်း၏ လူမှုကွန် ရက်စာမျက်နှာဖြစ်သော Truth Social မှတစ်ဆင့် “အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ကျွန်တော့်ရဲ့ နောက်ဆုံးအဆင့် ဆွေးနွေးပွဲတွေ လုပ်နေတဲ့ အချိန်အလယ်တည့်တည့်မှာမှ အခုလို လုပ်ရပ်မျိုးကို ဘယ်လိုမျိုးချစ်စိတ်မရှိတဲ့သူက လုပ်မှာလဲ” ဟု ဒေါသတကြီး ရေး သားခဲ့သည်။
အထူးသဖြင့် အဆိုပါအဆိုကို ထောက်ခံခဲ့သည့် ရီပတ်ဘလစ်ကန် အမတ် ၄ ဦးဖြစ်သော သောမတ်စ် မက်ဆီ (တန်တပ်ကီ)၊ တွမ် ဘာရက် (မီချီဂန်)၊ ဝါရင် ဒေးဗစ်ဆန် (အိုဟိုင်းယိုး) နှင့် ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ် (ပင်ဆယ်ဗေးနီးယား) တို့ကို “ရီပတ်ဘလီကန်လေးယောက်ကတော့ လုံးဝကွဲပြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ – သူတို့က ကြီးကျယ်ခမ်းနားတဲ့သူတွေပါ! သူတို့ကိုယ်သူတို့ ရှက်သင့်တယ်” လို့ Trump က ရေးသားခဲ့သည်။
လက်ရှိတွင် အမေရိကန်နှင့် အစ္စရေးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်အပေါ် စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့ကြပြီး စစ်ပွဲသက်တမ်း ၃ လကျော်လာပြီ ဖြစ် သည်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကြေ ညာပိုင်ခွင့်အာဏာသည် ကွန်ဂရက်လွှတ်တော်၌သာ ရှိပြီး ၁၉၇၃ ခုနှစ် စစ်အာဏာအက်ဥပဒေအရ လွှတ်တော်အတည်ပြုချက်မရဘဲ စစ်ရေးလှုပ်ရှားမှုကို ရက်ပေါင်း ၆၀ ထက် ကျော်လွန်ခွင့်မရှိကြောင်း တရားဥပဒေပညာရှင်များက ထောက်ပြကြသည်။
ယခုမဲခွဲမှုသည် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မိမိပါတီဝင်အမတ်အချို့အပေါ် ထရမ့်၏ လွှမ်းမိုးချုပ် ကိုင်မှု အားနည်းလာခြင်းကို ပြသနေသည်ဟု သုံးသပ်ကြသည်။
အမေရိကန်ပြည်သူအများစုနှင့် ရီပတ်ဘလစ်ကန်ပါတီ ဝင် အများအပြားသည် ယခုအီရန်စစ်ပွဲကို ဆန့်ကျင်လာကြပြီး၊ စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများနှင့် ကုန် ဈေးနှုန်းများ စံချိန်တင်မြင့်တက်လာကာ ပြည်သူများ၏ နေ့စဉ်ဘဝကို ပိုမိုကျပ်တည်းစေသဖြင့် စစ်ပွဲကို အမြန်ရပ် တန့်ရန် လွှတ်တော်အမတ်များကို ဖိအားပေးလာကြသည်။
သို့သော်လည်း ယခုအောက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် သင်္ကေတသဘောဆောင်ရုံသာ ရှိသေးပြီး ရီပတ်ဘလစ်ကန်တို့ ၅၃ နေရာဖြင့် အများစု ထိန်းချုပ်ထားသည့် အထက်လွှတ်တော် (Senate)တွင် ထပ်မံအတည်ပြုချက် ရယူရဦးမည်ဖြစ်သည်။
အကယ်၍ အထက်လွှတ်တော်က အတည်ပြုခဲ့လျှင်ပင် သမ္မတထရမ့်က ဗီတိုအာဏာ(Veto)ဖြင့် ပယ်ချရန် သေချာသလောက်ရှိနေပြီး၊ ၎င်းဗီတိုအာဏာကို လွှတ်တော်နှစ်ရပ်စလုံးက သုံးပုံနှစ်ပုံအင်အားဖြင့် ပြန်လည်ကျော်လွှားရန်မှာမူ မလွယ်ကူလှကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN