အီရန်ကပြော​ကြားထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်အသစ်က ဘယ်လောက် အရေးပါသလဲ ?

(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၂၉

         ​ယခုသီတင်းပတ်အစောပိုင်းက ဟော်မုဇ်ရေလက် ကြားအနီးတွင် အမေရိကန်၏ MQ-9 Reaper အမျိုးအစား ဒရုန်းတစ်စင်းကို ပစ်ချရန် လေကြောင်းရန်ကာကွယ် ရေးစနစ်အသစ်တစ်ခုကို အသုံးပြုခဲ့ကြောင်း အီရန်က ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်သည် ၎င်း၏ စစ်ဘက်ဆိုင်ရာနေရာများ လပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရလင့်ကစား အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တွန်းလှန်နိုင်စွမ်းရှိသေးကြောင်း အီရန်က ပြသလိုက်ခြင်းဖြစ်သည်ဟု အကဲဖြတ်သူများက ဆိုသည်။

     အဆိုပါဒရုန်းကို ဟော်မုဇ်ရေလက်ကြားရှိ ကက်ရှ်မ်ကျွန်း (Qeshm Island)အနီးတွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ပြီး၊ ယခုကြားဖြတ်ဟန့်တားမှုသည် ပြည် တွင်း၌ ကိုယ်တိုင်ထုတ်လုပ်ထားသည့် “အာရတ်ရှ်အီး ကမန်ဂါ” (Arash-e Kamangir) ဟုခေါ်သော စနစ်ကို ပထမဆုံးအကြိမ် စစ်မြေပြင်တွင် အသုံးပြုခြင်းဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြ သည်။

      အီရန်၏ ကြားဖြတ်ဟန့်တားရေးစနစ်အသစ်နှင့် ပတ် သက်သည့် ပြောကြားချက်အပေါ် သီးခြားလွတ်လပ်သော အတည်ပြုချက်တစ်စုံတစ်ရာ မရှိသေးပေ။

     ကမ္ဘာ့အထိခိုက်မခံဆုံး သင်္ဘောလိုင်းလမ်းကြောင်းများထဲမှ တစ်ခုအနီးတွင် အမေရိကန်၏ ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ရမှုသည် ဘန်ဒါအာဘတ်စ်အနီးရှိ အီရန်စစ်ဘက်ဆိုင်ရာနေရာတစ်ခုကို အမေရိကန်က တိုက်ခိုက်မှုအသစ်များ ပြု လုပ်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်နေချိန်တွင် ပေါ် ပေါက်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့အနေဖြင့် ကလဲ့စားချေသည့်အနေဖြင့် “အမေရိကန်လေတပ်အခြေ စိုက်စခန်း” တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

     ကြွပ်ဆတ်သော အပစ်အခတ်ရပ်စဲရေး ရှိနေသော် လည်း အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ ဆက်လက်မြင့်တက် နေစဉ်၊ အမေရိကန်ဒရုန်းတစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟူသော အီရန်၏ပြောကြားချက် သည် လပေါင်းများစွာကြာ အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများအကြား အီရန်၏ လေကြောင်းရန်ကာကွယ် ရေးစွမ်းရည် မည်မျှအထိ ကျန်ရစ်နေသနည်း၊ နှင့် ဆွေးနွေးပွဲများ ပျက်ပြားသွားပါက နောက်ထပ်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်စွမ်း အီရန်တွင် ရှိ၊ မရှိ ဟူသော မေးခွန်းများကို ပြန်လည်ထွက်ပေါ်လာစေခဲ့သည်။

အီရန်က ဘာပြောသလဲ

     အီရန်၏ တစ်ပိုင်းနိုင်ငံပိုင် ဖားစ် (Fars)သတင်းအေဂျင်စီ က ဟော်မုဇ်ရေလက်ကြားအထက်တွင် “ရန်သူ့” ထောက် လှမ်းရေးဒရုန်းတစ်စင်းကို ကြားဖြတ်ဟန့်တားရန် အာရတ်ရှ်အီး ကမန်ဂါ စနစ်ကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းစနစ်သည် ရေဒါမမိအောင် ဖျောက်ဖျက်ထားသော စနစ်များကိုပါ ထောက်လှမ်းနိုင်စွမ်း (Stealth-detection capabilities) ရှိကြောင်း ဖော်ပြထား သော် လည်း နည်းပညာဆိုင်ရာ အသေး စိတ်အချက်အလက်များကိုမူ အနည်းငယ်သာ ထုတ်ဖော်ပြောဆိုခဲ့သည်။

     အီရန်အနေဖြင့် အမေရိကန်နှင့် ပြုလုပ်မည့် မည်သည့်အပစ်ရပ်ဆွေးနွေးပွဲတွင်မဆို ရေလက်ကြားအပေါ် ၎င်း၏တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်စွမ်းကို အသုံးချရန် ကြိုးပမ်းနေသည့် အချိန်မျိုးတွင်၊ ယခုလုပ်ရပ်သည် အီရန်၏ ဝေဟင်ပိုင်နက်နှင့် ရေပိုင်နက်နယ်နိမိတ်များအနီးတွင် လှုပ်ရှားနေသည့် ရန်သူ့လေယာဉ်များအတွက် သတိပေးချက်တစ်ခုဖြစ်ကြောင်း အီရန်မီဒီယာများက ဆိုသည်။

     “ဝှက်ဖုံးထားတဲ့ စွမ်းဆောင်ရည်တွေရှိတဲ့ စနစ်တစ်ခုကို သုံးပြီး လုပ်ဆောင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ အီရန်နိုင်ငံဆီကနေ ပြတ် သားပြီး ထိရောက်တဲ့ သတင်းစကားတစ်ခု ပါး လိုက်တာဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဖားစ်သတင်းဌာနက ဖော်ပြခဲ့သည်။

     ဖားစ်သတင်းဌာနက ကြေညာခဲ့သည့် ယခုကြားဖြတ်ဟန့်တားရေးစနစ်အသစ်သည် ဖာစီဘာသာစကားဖြင့် “လေးသမား အာရတ်ရှ်” ဟု အဓိပ္ပာယ်ရပြီး၊ အီရန်နှင့် ဗဟိုအာရှအကြား နယ်နိမိတ်သတ်မှတ်ရန် မြှားတစ်စင်း ပစ်ခတ်ခဲ့သည်ဟု ပါးရှန်းဒဏ္ဍာရီတွင် ဖော်ပြထားသည့် သူရဲ ကောင်းကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ ပိုမိုကျယ်ပြန့်စွာ ပြောရလျှင် အာရတ်ရှ်သည် အီရန်နိုင်ငံအား နိုင်ငံခြားကျူးကျော်သူများ၏ ဖိနှိပ်မှုမှ တွန်းလှန်တိုက်ထုတ်ရန် ကူညီပေးခဲ့သည့် သူရဲကောင်းတစ်ဦးအဖြစ် ကဗျာများနှင့် အခြားစာပေများတွင် အမွှမ်းတင်ခံရသူ ဖြစ် သည်။

အီရန်၏ ပြောကြားချက်သည် မည်မျှ ယုံကြည်စိတ်ချရသနည်း။

     ယခုပြောကြားချက်အပေါ် သတိထားကိုင်တွယ်သင့်ကြောင်း အကဲဖြတ်သူများက ဆိုသည်။ အီရန်တာဝန်ရှိသူ များသည် သီး ခြားလွတ်လပ်စွာ အတည်ပြုရန် ခက်ခဲသော ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ တိုးတက်မှုများကို လူသိရှင် ကြား ထုတ်ဖော်ပြောဆိုလေ့ရှိသည့် ရာဇဝင်ရှည်ရှိခဲ့သည်။

     သို့သော်လည်း ကျွမ်းကျင်သူများကမူ ယခုပြောကြားချက်၏ နောက်ကွယ်မှ ယေဘုယျအယူအဆမှာ ဖြစ်နိုင်ခြေရှိကြောင်း ပြောဆိုကြသည်။ အီရန်သည် ရေဒါမိလွယ်သော အခြေစိုက် ရေဒါစခန်းကြီးများကို အားကိုးခြင်းမပြုဘဲ၊ ဒရုန်းများနှင့် လေယာဉ်များကို ခြိမ်းခြောက်နိုင်ရန် ဒီဇိုင်းထွင်ထားသည့် ပိုမိုစျေးသက်သာပြီး ရွှေ့ပြောင်းရလွယ်ကူကာ ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် ဖြစ်သည်။

     လန်ဒန် ဘုရင့်ကောလိပ် (King’s College London) ရှိ လုံခြုံရေးလေ့လာမှုကျောင်းမှ ဝါရင့်ကထိက မာ့ခ် ဟီလ်ဘွန်း က အယ်လ်ဂျာဇီးရားသို့ ပြောကြားရာတွင် “အာရတ်ရှ်အီး ကမန်ဂါ” နှင့် ပတ်သက်၍ “သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်တဲ့ အချက် အလက် အလွန်နည်းပါး” သော် လည်း၊ ယခုတိုက်ခိုက်မှုသည် “ပိုမိုကျယ်ပြန့်တဲ့ ဖြစ်စဉ်ပုံစံတစ်ခုနဲ့ ကိုက်ညီနေတယ်” ဟု ဆိုသည်။

     “အီရန်ဟာ ဒုံးကျည်ဒီဇိုင်းပုံစံ အမျိုးမျိုးမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ အဆင့်ကို တော်တော်လေး ရောက်နေပါပြီ။ ယူကရိန်းလိုပဲ သူတို့ဟာ စစ်ပွဲရဲ့ စီးပွားရေးတွက်ခြေကို ပြောင်း လဲပစ်ဖို့ ပါးနပ်ခဲ့ကြတယ်။ စျေးသက် သာပြီး ရိုးရှင်းတဲ့စနစ်တွေဟာ ပိုပြီးတော့ ရှုပ်ထွေးနက်နဲတဲ့စနစ်တွေကို အန္တရာယ်ပြု ခြိမ်း ခြောက်နိုင်စွမ်း ရှိပါတယ်”။ ယခု ရီပါ (Reaper) ဒရုန်း ပစ်ချခံရသည်ဟူသော သတင်းကြောင့် အမေရိကန်အနေဖြင့် အီရန်ကို တိုက်ခိုက်ရာတွင် ဒရုန်းများထက် စျေးကြီးသော ဒုံးကျည်များကို ပိုမိုအားကိုးရမည့် အခြေအနေ ဖြစ်လာနိုင်သည်။

     တစ်ချိန်တည်းမှာပင် တီဟီရန်အနေဖြင့် ထုတ်လုပ်မှုစရိတ် အဆမတန်သက်သာသည့် ရှာဟတ် (Shahed)ဒရုန်းများကို ဆက်လက်အသုံးပြုနိုင်ပြီး၊ ရေရှည်စစ်ပွဲဖြစ်ပွားလာပါက တီဟီရန်အတွက် ပိုမိုရေရှည်ခံမည့် စီးပွားရေးဆိုင်ရာ အားသာချက်ကို ရရှိစေနိုင်ပါသည်။

အာရတ်ရှ်အီး ကမန်ဂါ (Arash-e Kamangir) ဆိုသည်မှာ ဘာဖြစ်နိုင်သနည်း။

     အယ်လ်ဂျာဇီးရားနှင့် စကားပြောခဲ့သည့် အကဲဖြတ်သူများကမူ အာရတ်ရှ်အီး ကမန်ဂါ ဖြင့် ကြားဖြတ်ဟန့်တားမှုသည် တော်လှန်ရေးဆန်သော လက်နက်အသစ်တစ်ခု ဖြစ်ခြင်းထက်၊ အီရန်၏ စရိတ်သက်သာပြီး ရွှေ့ပြောင်းရလွယ် ကူသော လေ ကြောင်းရန်ကာကွယ်ရေးဘက်သို့ ပိုမိုကူး ပြောင်းလာသည့် ရွေ့လျားမှု၏ ခြေလှမ်းတစ်ခုသာ ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

     နယူးယောက်အခြေစိုက် မဟာဗျူဟာမြောက် ထောက် လှမ်းရေးပလက်ဖောင်းတစ်ခုဖြစ်သည့် Horizon Engage မှ လုံခြုံ ရေးအကဲဖြတ်သူ အဲလက်စ် အယ်လ်မေဒါ က အယ်လ်ဂျာဇီးရားသို့ ပြောကြားရာတွင် ယခုစနစ်သည် အီရန်၏ အခြားသော အကွာအဝေးတို သို့မဟုတ် လေထဲတွင် ဝဲပျံနိုင်သော မြေပြင်မှဝေဟင်ပစ် (surface-to-air) လက်နက်များနှင့် ဆက်စပ်နေနိုင်ကြောင်း ဆိုသည်။

     “ဒီစနစ်ဟာ အဲဒီလက်နက်တွေထဲက တစ်ခုကို ပိုမိုအဆင့်မြှင့်တင်ထားတာ ဖြစ်နိုင်တယ်လို့ ကျွန်တော် သံသယရှိပါတယ်။ သူက ရိုးရာလေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းတွေကနေ ပုံသေလမ်းညွှန်ပြသမှုကို အားကိုးတာမဟုတ်ဘူး။ လျှပ်စစ်-အလင်းစနစ် (electro-optical) သို့မဟုတ် အပူလိုက်လံဖမ်းယူတဲ့ လမ်းညွှန်စနစ် (heat-seeking guidance) တစ်ခုခုကို သုံးထားပုံရပြီး၊ အခြေခံအားဖြင့် တပ်ဆင်ရလွယ်ကူပြီး ပစ်လွှတ်ရလွယ်ကူတဲ့ ပေါ်ပင် SAM [မြေပြင်မှဝေဟင်ပစ်ဒုံးကျည်] စနစ်မျိုး ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

     ရိုးရာလေကြောင်းရန်ကာကွယ်ရေး ကွန်ရက်များသည် ရှာဖွေဖော်ထုတ်ရန် ပိုမိုလွယ်ကူသည့် ရေဒါများနှင့် ဒုံးကျည်ပစ်စင်များပေါ်တွင် မူတည်နေသော်လည်း၊ စရိတ်သက်သာပြီး သေးငယ် သောစနစ်များကိုမူ အလွယ်တကူ ရွှေ့ပြောင်းနိုင်ခြင်း၊ ဖုံးကွယ်နိုင်ခြင်း၊ လျင်မြန်စွာ ပစ်လွှတ်နိုင်ခြင်းနှင့် ပိုမိုလွယ်ကူစွာ အစား ထိုးနိုင်ခြင်းတို့ကြောင့် ယင်းအချက်မှာ အရေးပါလှသည်။

     အချို့သော စနစ်များမှာ ကြားဖြတ်ဟန့်တားမည့် လက်နက်သည် လေထဲတွင် အသင့်စောင့်ဆိုင်းဝဲပျံနေနိုင်ပြီး ပစ် မှတ်ဒရုန်း သို့မဟုတ် လေယာဉ်ပေါ်လာသည်အထိ ကောင်းကင်ပြင်တွင် လှည့်ပတ်နေနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ် သည်။ အချို့မှာမူ ဒရုန်းဆန့်ကျင်ရေး သို့မဟုတ် လေယာဉ်ပစ် အကွာအဝေးတို လက်နက်များဖြစ်ကြပြီး၊ အဓိက လေကြောင်းရန်ကာကွယ် ရေးစနစ်ကြီးများထက် စျေးသက်သာကာ နည်းပညာသိပ်မရှုပ် ထွေးသော်လည်း အလွယ်တကူ ထုတ်လုပ်အစားထိုးနိုင်သည်။

     ထို့ကြောင့် ထောက်လှမ်းရေးလုပ်ငန်းကို အဓိကလုပ် ဆောင်ရန် ဒီဇိုင်းထုတ်ထားပြီး အနှေးသွားလေ့ရှိသည့် MQ-9 Reaper ကဲ့သို့သော ဒရုန်းများသည် အထူးသဖြင့် ထိခိုက်လွယ်သော ပစ်မှတ်များ ဖြစ်လာကြသည်။

     ပါရီမြို့ရှိ Sciences Po တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ နီကိုးလ် ဂရာဂျူးစကီး က တီဟီရန်အနေဖြင့် ပိုမိုအားကောင်းသော အလတ်စားနှင့် အဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ လိုအပ်နေသေးနိုင်သော်လည်း၊ ရွှေ့ပြောင်းနိုင်သော စနစ်များတွင် ထင်ရှားသော အကျိုး ကျေးဇူးရှိကြောင်း ပြောကြားခဲ့သည်။

     “ယင်းရဲ့တန်ဖိုးက ဒါတွေကို အမြန်ရွှေ့ပြောင်းနိုင်တာပဲ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ရွှေ့ပြောင်းပစ်လွှတ်နိုင်တဲ့ စနစ်တွေဖြစ်ပြီး၊ အချို့ကိစ္စတွေမှာ လူကိုယ်တိုင် သယ်ဆောင်သွားနိုင်ပါတယ်။ Reaper ဒရုန်းဟာ ဘယ်လောက်အမြင့်မှာ ပျံသန်းနေလဲဆိုတာ ကျွန်မတို့ မသိရသေးပါဘူး။ ထွက်ပေါ်လာတဲ့ ဗီဒီယိုအရ သူတို့ပစ်ချဖို့ အတော်လေး လွယ်ကူခဲ့တာ ဖြစ်နိုင်ပေမယ့်၊ ဒါဟာ အီရန်မှာ လေကြောင်းရန်ကာ ကွယ်ရေး စွမ်းရည်အချို့ ကျန်ရှိနေသေးတယ်ဆိုတာကို ပြသနေဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့် စွက်ပြောကြားခဲ့သည်။

ဒါဟာ ဘာကြောင့် အရေးပါတာလဲ။

     အီရန်၏ ပိုမိုကျယ်ပြန့်သော လေကြောင်းရန်ကာကွယ် ရေးကွန်ရက်သည် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီ ဖြစ် သည်။ ယင်းကွန်ရက်ကို ပြည်တွင်းဖြစ် ဒုံးပျံတင်စင်များနှင့် ရုရှားက ထောက် ပံ့ပေးထားသည့် S-300 ကဲ့သို့သော ဒုံးကျည်ကာကွယ်ရေးစနစ်များ အပါအဝင် ရေဒါလမ်းညွှန်စနစ်သုံး မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်ဟောင်းများကို အခြေခံ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကြောင့် အဆိုပါကွန်ရက်၏ အစိတ်အပိုင်း အများအပြား ပျက်စီးသွားခဲ့သည်ဟု အများစုက ယုံကြည်ထားကြသည်။

     သို့သော်လည်း ကြားဖြတ်ဟန့်တားရေး စနစ်အသစ် ပေါ် ပေါက်လာခြင်းက အီရန်အနေဖြင့် ရေရှည်တည်တံ့ပြီး အမြစ်ပြတ်ချေမှုန်းရန် ခက်ခဲသော “အမြဲမပြတ်ရှိနေမည့်၊ အကန့် အသတ်ရှိသော၊ အနိမ့်ပျံ ဝေဟင်ဆိုင်ရာ ခြိမ်းခြောက်မှု” ကို ပေးစွမ်းနိုင်သည့် စနစ်မျိုးကို ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ပြသနေ သည်ဟု အယ်လ်မေဒါက ဆိုသည်။

     ဤစနစ်များသည် အကြီးစား လေကြောင်းစစ်ဆင်ရေးတစ်ခုကို တားဆီးနိုင်ခြင်း သို့မဟုတ် အဆင့်မြင့်တိုက် လေယာဉ်များကို အရေအတွက်အမြောက်အမြား ပစ်ချနိုင်ခြင်းမျိုး မရှိသော် လည်း၊ အမေရိကန်နှင့် အစ္စရေးတို့ကို အဝေးမှ ပစ်ခတ်ရသည့် စျေးကြီးသော အဝေးပစ်လက် နက် (standoff weapons) များကို ပိုမိုအားကိုးလာရစေရန် ဖိအားပေးနိုင်သည်။

     ဂရာဂျူးစကီးကမူ အီရန်၏ စစ်ဗျူဟာသည် နည်းပညာချင်း တန်းတူရင်ဆိုင်နိုင်မှုထက် ကြံ့ကြံ့ခံနိုင်စွမ်းအပေါ်တွင်သာ အခြေခံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

     “သူတို့ရဲ့ စနစ်တွေက သိပ်ပြီးတော့ ဆန်းပြားတာ ဒါမှမဟုတ် တစ်သားတည်း ပေါင်းစပ်ဖွဲ့စည်းထားတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ရလဒ်အနေနဲ့ အီရန်ရဲ့ စစ်ဗျူဟာဟာ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ ရေရှည်ခံမှုနဲ့ ရွှေ့ပြောင်းလွယ်ကူမှုတို့အပေါ်မှာပဲ အဓိက အလေးထားပါတယ်” ဟု ၎င်းက ဆိုသည်။

     ထိုသို့သော ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုသည် မဟာဗျူဟာမြောက် နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း ဖြစ်ပေါ်စေသည်။ အကယ်၍ အမေရိကန် သို့မဟုတ် အစ္စရေးတို့အနေဖြင့် အီရန်၏ တုံ့ပြန်ကလဲ့စားချေနိုင်စွမ်းကို အမြစ်ပြတ် မချေမှုန်းနိုင်ပါက၊ တိုက်ခိုက်မှုအသစ် တိုင်းသည် ပင်လယ်ကွေ့ဒေသတွင် စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာစေရန် သို့မဟုတ် ဟော်မုဇ်ရေလက် ကြားတစ်လျှောက် အနှောင့်အယှက်များ ပိုမိုဖြစ်ပွားစေကာ အမေရိကန်၏ စက်သုံးဆီဈေးနှုန်းများကို ထိုးတက်သွားစေရန် စိုးရိမ်ရသည့် အန္တရာယ် ရှိနေသည်။

     “အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့လောက် စိုးရိမ်ပူပန်နေလိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး” ဟု ဂရာဂျူးစကီးက ပြော သည်။

     “အမေရိကန်ဟာ ဒီစစ်ဆင်ရေးတွေရဲ့ အောင်မြင်မှုကို အလွန် အကျွံ လုပ်ပြပြီး ပုံကြီးချဲ့ပြောခဲ့တယ်လို့ မြင်ပါတယ်။ ပြီးတော့ အစ္စရေးနဲ့ အမေရိကန်မှာ ခဲယမ်းမီး ကျောက် ကန့်သတ်ချက်တွေ ရှိနေတယ်။

     အီရန်မှာ အင်အားတောင့်တင်းတဲ့ ကာကွယ်ရေးစက်မှုလုပ် ငန်း ရှိပြီး၊ [၂၀၂၅ ဇွန်လအတွင်းက] ၁၂ ရက်ကြာ စစ်ပွဲပြီးနောက်မှာ ဘာလစ်စတစ်ဒုံးကျည် ထုတ်လုပ်မှုကို နိုင်ငံ တကာ စံနှုန်းတွေအရ မြင့်မားတဲ့အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပါတယ်။ အီရန်ဟာ အချိုးမညီတဲ့ စစ်ဗျူဟာမြောက် အားသာချက် (asymmetric advantage)ကိုလည်း ဆက်ထိန်းထားနိုင်တဲ့အတွက်၊ အချို့နေရာတွေမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ထက် ပိုပြီး အကျပ်ရိုက် ကန့်သတ်ချက်တွေ ရှိနေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

     ၎င်း၏ ပြောကြားချက်အရ လေကြောင်းရန်ကာကွယ် ရေးအပေါ် အီရန်၏ ချဉ်းကပ်ပုံမှာ ဆန်းပြားပြီး ပေါင်းစပ်ဖွဲ့စည်းထားသည့် ကွန်ရက်တစ်ခုကို ထိန်းသိမ်းထားရန်ထက် “ကြံ့ကြံ့ခံနိုင်ရည်ရှိမှု၊ ရေရှည်ခံမှုနဲ့ ရွှေ့ပြောင်းလွယ် ကူမှု” အပေါ် အခြေခံကာ စနစ်များကို တည်ဆောက်ခြင်းသာ ဖြစ်သည်။

      “အီရန်ရဲ့ ဒုံးကျည်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ ဆွေးနွေးချက်တွေမှာ တွေ့ရတဲ့ ပြဿနာတစ်ခုကတော့၊ အကဲဖြတ်သူတွေဟာ အနောက် နိုင်ငံတွေရဲ့ စစ်ဝါဒနဲ့ မျှော်မှန်းချက်တွေအတိုင်း တိုင်းတာပြီး အီရန်လက်နက်တွေက တိကျမှုမရှိဘူး ဒါမှမဟုတ် ထိရောက်မှုမရှိဘူးလို့ ပြောလေ့ရှိကြတာပါပဲ။ ဒါပေမဲ့ မိမိထက် အဆမတန် အင်အားသာလွန်တဲ့ ရန်သူကို ရင်ဆိုင်နေရတဲ့ အီရန်ရဲ့ အမြင်ကနေ ကြည့်မယ်ဆိုရင်တော့၊ သူတို့ဟာ ၎င်းတို့ကိုယ်တိုင် မျှော်မှန်းထားတာထက်တောင် ပိုပြီး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကျွန်မ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
(Al Jazeera သတင်းဌာနမှ Caolán Magee ၏ Iran says it has a new air defence system. How significant is it? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

Telegram»…
https://t.me/positiveanglenews

#PAN