ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ ပြန့်ပွားမှု ဆိုးရွားလာသဖြင့် WHO အကြီးအကဲ မြေပြင်သို့ ကိုယ်တိုင်သွား ရောက်

(နိုင်ငံတကာ)မေ ၂၉

     ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)တွင် ၁၇ ကြိမ်မြောက် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုသည် စိုးရိမ်စရာကောင်းလောက်အောင် ပြန့်ပွားနေပြီး အာဏာပိုင်များက ထိန်းချုပ်ရန် ရုန်းကန်နေရစဉ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ညွှန်ကြားရေးမှူး ချုပ် တက်ဒရိုစ် အက်ဟာနွန် ဂေဘရီရီဆုစ် က ဗိုင်းရပ်စ်ဒဏ် အပြင်းထန်ဆုံးခံနေရသည့် ကွန်ဂိုအရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်၏ မြို့ တော် ဘူနီယာ (Bunia)သို့ မြေပြင်အခြေအနေကို ကိုယ် တိုင်ဆန်းစစ်ကူညီရန် သွားရောက်လျက်ရှိသည်။

     လက်ရှိအစိုးရနှင့် ကျန်းမာရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ ကွန်ဂိုနိုင်ငံတွင် အီဘိုလာ အတည်ပြုလူနာ ၁၂၁ ဦးရှိပြီး အတည်ပြုသေဆုံးသူ ၁၇ ဦး ရှိပြီဖြစ်သည်။ သို့သော် သံသယဖြစ်ဖွယ် သေဆုံးသူ ၂၄၆ ဦးနှင့် သံသယလူနာ ၁,၀၇၇ ဦးအထိ ရှိနေသဖြင့် အမှန်တကယ် ထိခိုက်သေဆုံးမှုမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း အာဏာပိုင်များက ခန့်မှန်းထား သည်။

     အလားတူ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတွင်လည်း ကျန်းမာ ရေးဝန်ထမ်းများအပါအဝင် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ ဦး (သေဆုံး ၁ ဦး)ရှိလာသဖြင့် ယူဂန်ဒါအစိုးရက နယ်စပ်များကို အနည်းဆုံး ၄ ပတ်ကြာ ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

     ယခင်ဖြစ်ပွားခဲ့သော အီဘိုလာကူးစက်မှုများနှင့်မတူဘဲ ယခုအကြိမ်သည် ကမ္ဘာပေါ်တွင် အတည်ပြုထားသည့် ကာ ကွယ်ဆေး သို့မဟုတ် ကုသဆေး လုံးဝမရှိသေးသော ‘ဘန်ဒီဘူဂယို’ (Bundibugyo) ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပွားခြင်းဖြစ်သဖြင့် အန္တရာယ်ပိုမိုကြီးမားနေသည်။

      အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစခန်း (Africa CDC)က ယခု ၂၀၂၆ ခုနှစ် ကုန်ဆုံးချိန်တွင် အဆို ပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရရှိရန် လုပ်ဆောင်နေကြောင်း ကြေညာထားသော်လည်း လက်ရှိမြေပြင်တွင် ကျန်းမာရေးဝန် ထမ်းများသည် အကာအကွယ်ပစ္စည်း လုံ လောက်မှုမရှိခြင်း၊ သက်တမ်းကုန် နှာခေါင်းစည်းများကို ပြန်လည်ဝတ်ဆင်နေရခြင်းတို့နှင့် ရင်ဆိုင်နေရသည်။

     ထို့ပြင် အရှေ့ပိုင်းဒေသရှိ မတည်ငြိမ်သော လက်နက် ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများနှင့် ကျန်းမာရေးစင်တာများအပေါ် တိုက်ခိုက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရသဖြင့် WHO အကြီးအကဲ တက်ဒရိုစ်က ကျန်းမာရေးဝန်ထမ်းများ ဖြတ်သန်းသွားလာနိုင်ရန် ကာလတို အပစ်အခတ်ရပ်စဲပေးကြပါရန် လက်နက်ကိုင်အဖွဲ့များကို တိုက်ရိုက်ပန်ကြားထားသည်။

     လက်ရှိတွင် ဥရောပသမဂ္ဂ (EU) က အရေးပေါ်ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို လေကြောင်းမှတစ်ဆင့် စတင်ပေးပို့နေပြီး၊ ကွန်ဂိုအစိုးရက ဒေါ်လာ သန်း ၂၀၊ အမေရိကန်ပြည်ထောင် စုက အပိုဆောင်းရန်ပုံငွေ ဒေါ်လာ ၈၀ သန်း (စုစုပေါင်း ၁၁၂ သန်း) အသီးသီး ထုတ်ပြန်ခွဲဝေကာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို အရှိန် အဟုန်မြှင့် တိုက်ဖျက်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN