
(နိုင်ငံတကာ)မေ ၂၈
ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်မှု၏ ၂၀ ရာခိုင်နှုန်းကျော် ဖြတ် သန်းရာ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အား အီရန်နိုင်ငံနှင့် ပူးပေါင်းကာ ထိန်းချုပ်မှုရယူရန် ကြိုးပမ်းပါက အိုမန်နိုင်ငံအပေါ် စစ်အင်အားအသုံးပြု၍ ဗုံးကြဲဖျက်ဆီးပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြင်း ထန်စွာ ခြိမ်းခြောက်ပြောဆိုလိုက်သည်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေးတစ်ခုအတွင်း သတင်းထောက်တစ်ဦးက “အီရန်နှင့် အိုမန်တို့ကို ရေ လက်ကြား ပူးတွဲထိန်းချုပ်ခွင့်ပေးမည့် ရေတိုသဘောတူညီချက်မျိုးကို လက်ခံမည်လား” ဟု မေးမြန်းခဲ့ရာတွင် သမ္မတ ထရန့်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း ဖြစ် သည်။
ထရန့်က “ဘယ်သူမှ ဒါကို ထိန်းချုပ်မှာ မဟုတ်ဘူး။ ဒါဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်ပြီး အိုမန်အနေနဲ့လည်း တခြားသူတွေလိုပဲ လိမ္မာပါးနပ်စွာ ပြုမူရလိမ့်မယ်၊ မဟုတ်ရင်တော့ သူတို့ကို ကျွန်တော်တို့ မှုတ်ထုတ်ပစ်ရလိမ့်မယ်” ဟု ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။
အစပိုင်းတွင် ထရန့်အနေဖြင့် “အီရန်” ဟု ပြောရမည့်အစား “အိုမန်” ဟု မှားယွင်းပြောဆိုခဲ့ခြင်း ဖြစ်နိုင်သည်ဟု တွက်ဆမှုများ ရှိခဲ့သော်လည်း၊ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ အာရပ်နိုင်ငံကို အတိ အကျရည်ညွှန်းထားသည့် မိန့်ခွန်းကောက်နုတ်ချက် မိတ္တူကို လူမှုကွန်ရက်ပေါ်တွင် တရားဝင်မျှဝေခဲ့သဖြင့် မှားယွင်းပြောဆိုခြင်းမဟုတ်ကြောင်း ထင်ရှားလာခဲ့သည်။
ကြားနေဝါဒကို ကျင့်သုံးလေ့ရှိပြီး အမေရိကန်နှင့် နှစ်ပေါင်း ၂၀၀ ကျော် မဟာမိတ်ဖြစ်ခဲ့သည့် အိုမန်နိုင်ငံသည် ရေလက်ကြားကို အီရန်နှင့် ပူးတွဲထိန်းချုပ်လိုကြောင်း တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသေးပေ။ အိုမန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမေရိကန်-အစ္စရေးတို့ အီရန်ကို ဗုံးကြဲရာမှ စတင်ခဲ့သည့် စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ဝါရှင်တန်နှင့် တီဟီရန်အကြား အဓိက ကြားဝင်စေ့စပ်ပေးနေသည့် နိုင်ငံလည်း ဖြစ်သည်။
ဝေဖန်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ ထရန့်၏ လုပ်ရပ်ကို မဆင်မခြင်သည့် “မာဖီးယားဂိုဏ်းချုပ်” စတိုင် နိုင်ငံခြားရေးမူဝါဒအဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြပြီး၊ ယခုခြိမ်း ခြောက်မှုသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စစ်အင်အားဖြင့် ခြိမ်းခြောက်မှု တားမြစ်ချက်ကို ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြခဲ့ကြသည်။
ထို့အပြင် သမ္မတ ထရန့်က အနာဂတ် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ဆော်ဒီအာရေဗျနှင့် ကာတာအပါအဝင် အာရပ်နိုင်ငံများအနေဖြင့် အစ္စရေးနှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ရမည်ဖြစ်ပြီး၊ ထိုသို့ ဆက်ဆံရေး ပုံမှန်မလုပ်ဆောင်ပါက အမေရိကန်အနေဖြင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများမှ ပြန်လည်နှုတ်ထွက်မည်ဟုပါ ထပ်လောင်းဖိအားပေး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN