
(မှုခင်း) မေ ၂၆
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပေါင်းတည်မြို့နယ်အတွင်း ကျေးရွာတစ်ခုက ရာအိမ်မှူးတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့တွေက လုပ်ကြံသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားသူမှာ ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာက ရာအိမ်မှူးဖြစ်သူ ဦးမြင့်အေးကို သူ့ရဲ့ နေအိမ်မှာ လုပ်ကြံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပြည်ခရိုင်အမှတ် ၁ တပ်ရင်းက မတ်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ရှမ်းစပ် ရာအိမ်မှူး ဦးမြင့်အေးဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ မနက် ၅ နာရီခန့်က သူ့ရဲ့ နေအိမ်မှာ ရှိနေစဉ် ပြည်ခရိုင်အမှတ် ၁ တပ်ရင်းလက်အောက်ခံ အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တွေ့တာနဲ့ ဘာမှမပြောဘဲ လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်း၊ ၂ ချက်ပစ်ခဲ့ရာ ခေါင်းကို ၁ ချက် ရင်ဘတ်ကို ၁ ချက်နဲ့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင့် ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ဆိုသူ အကြမ်းဖက်သမားတစ်ဦးက အကြမ်းဖက်သတင်းချန်နယ်တွေမှာ ဖြေဆိုထားတာကို တွေ့ရပါတယ်။
ပစ်ခတ်မှုကြောင့် ရာအိမ်မှူးဟာ နေရာမှာတင်သေဆုံးပြီး သူ့ဆီကနေ ဖုန်း ၁ လုံးကိုသိမ်းဆည်းရမိခဲ့ကာ ဖုန်းထဲမှာလည်း အုပ်ချုပ်ရေးအဖွဲ့၊ စစ်ကော်မရှင်အဖွဲ့တွေနဲ့ ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်တွေကို ရထားတယ်လို့ ဆိုပါတယ်။
ဦးမြင့်အေးကို စစ်တပ်နဲ့ ပေါင်းပြီး လုပ်စားနေတယ်ဆိုတဲ့ စွပ်စွဲချက် အခုလို လုပ်ကြံသတ်ဖြတ်ရတာဖြစ်တယ်လို့လည်း အကြမ်းဖက်အဖွဲ့က ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ကလည်း ပေါင်းတည်မြို့နယ်၊ ကွေ့မကျေးရွာက ရာအိမ်မှူး ဦးအထွန်းဆိုသူကိုလည်း အကြမ်းဖက် PDF အဖွဲ့တွေက နေအိမ်အတွင်းမှာပဲ လုပ်ကြံသတ်ဖြတ်သွားလို့ သေဆုံးသွားခဲ့ရပါတယ်။