မြန်မာ့ရိုးရာလက်မှုထည်များ မြှင့်တင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

(စီးပွားရေး) မေ ၂၅

ရန်ကုန် မေ ၂၅ နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)၌ မြန်မာ့ရိုးရာလက်မှုထည်များ ဖွင့်လှစ်ရောင်းချနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်မှုအနုပညာလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးစေရန်၊ တိမ်ကောပပျောက်မှုမရှိစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန်တို့အပြင် နိုင်ငံတစ်ဝှမ်းရှိ လက်မှုအနုပညာများကို တစ်နေရာတည်းတွင် လေ့လာနိုင်စေရန်၊ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် ဈေးကွက်ချဲ့ထွင်ပေးနိုင်ရန်နှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသည့် စင်တာ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ရိုးရာမပျောက်ပဲ ခေတ်မီဆန်းသစ်သော ဆွဲဆောင်မှုရှိသော လက်ရာများဖန်တီးဆောင်ရွက်သွားကြရန်၊ မြန်မာ့လက်မှုအနုပညာစင်တာ ဖွင့်လှစ်ရောင်းချမှုကို နိုင်ငံခြားသားဧည့်သည်များနှင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေးနှင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာစေရေး မီဒီယာ အသုံးပြု စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထုတ်ကုန်များ ဈေးကွက်ရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ပေးရန် အပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်၍ လှည်းကူး၊ မှော်ဘီနှင့် တိုက်ကြီးခရိုင်များမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ဦးစီးမှူးက မြန်မာ့လက်မှုအနုပညာစင်တာ၏ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထိုသို့ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်အရ အစုအဖွဲ့ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ စနစ်ကျသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးကို အားပေးမြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် အစုအဖွဲ့အလိုက် စည်းရုံးဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအနေဖြင့် သမဝါယမစနစ်ကို အခြေခံ၍ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ထို့ပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်သည့် သတင်းအချက်အလက်များကို စနစ်တကျ ကောက်ယူအသုံးပြုရန်နှင့် ကျေးလက်နေပြည်သူများ ပူးပေါင်းပါဝင်မှု မြင့်မားစေရန် စည်းရုံးဆောင်ရွက်သင့်ကြောင်း မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များကိုလည်း ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။