
(မှုခင်း) မေ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် မေလ ၂၁ ရက်၊ နေ့လယ် ၂:၃၀ နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ပင်လုံ-ကျောက်တန်း-တောင်ကြီးသွား ကားလမ်းပေါ်၌ မော်တော်ယာဉ်များအား သတင်းအရစစ်ဆေးရှာဖွေခဲ့ကြောင်းသိရသည်။
ထိုသို့ ရှာဖွေစစ်ဆေးနေစဉ် ဟန်ထူးအောင် (၄၈ နှစ်) မောင်းနှင်ပြီး မျိုးသူကို (၂၄ နှစ်) လိုက်ပါလာသည့် TOYOTA FORTUNER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး ၂၇၂ တုံး (အလေးချိန် ၉၅.၂ ကီလို၊ ဒေသကာလတန်ဖိုး ငွေကျပ် ၈,၅၆၈ သိန်း)၊ စိတ်ပြောင်းဆေးဝါး Happy Water (အလေးချိန် ၁.၀၀၅ ကီလို၊ တန်ဖိုး ငွေကျပ် ၁၀၀.၆၅ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးနှင့် မြန်မာငွေကျပ် ၁၅ သိန်းတို့ အပါအဝင် စုစုပေါင်း ငွေကျပ် ၈,၆၆၅.၆၅ သိန်းခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသူ ဟန်ထူးအောင် (၄၈ နှစ်)နှင့် မျိုးသူကို (၂၄ နှစ်) နှစ်ဦးအား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။