
(နိုင်ငံတကာ)မေ ၂၅
ဖိလစ်ပိုင်နိုင်ငံတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျခဲ့သည့်နေရာ၌ ကယ်ဆယ်ရေးသမားများက ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြစဉ် ပျက်စီးပြိုကျမှုများအကြားမှ လူနှစ်ဦးကို ဆွဲထုတ်နိုင်ခဲ့ပြီးနောက် သေဆုံးသူအရေအတွက်မှာ ၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆွဲထုတ်နိုင်ခဲ့သည့် သားကောင်နှစ်ဦးအနက် တစ်ဦးမှာ ပြန် လည်ဆယ်ယူနိုင်စဉ်အချိန်၌ နှလုံးခုန်နှုန်းရှိနေသေးသော်လည်း နောက်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း၊ အခြားတစ်ဦးမှာမူ အပျက်အစီးများအောက်တွင် ပိတ်မိနေစဉ်အတွင်း နှလုံးရပ်တန့်သွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းပြန်ကြား ရေးအရာရှိ မာရီယာ လီယာ ဆာဂျီလီ (Maria Leah Sajili) က တနင်္လာနေ့တွင် ရိုက်တာသတင်းဌာနသို့ ဖုန်းဖြင့်ဖြေဆိုသည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
မြို့တော် မနီလာ၏ မြောက်ဘက်ရှိ အန်ဂျလိစ် (Angeles)မြို့တွင် ဖြစ်ပွားခဲ့သော အဆိုပါ ထပ်ဆင့်အဆောက်အအုံ ပြိုကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
အပျက်အစီးများအောက်တွင် မြုပ်နှံနေသည့် အခြားရုပ်အလောင်းတစ်ခုကိုလည်း ဆယ်ယူနိုင်ရန် ကယ်ဆယ်ရေးသမားများက လုပ်ဆောင်နေကြသော်လည်း ယင်းရုပ်အလောင်းကိုမူ ပြန်လည်ဆယ်ယူပြီးမှသာ တရားဝင်သေဆုံးသူစာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဆာဂျီလီက ပြောသည်။
အပူလှိုင်းသုံး စကန်ဖတ်စနစ် (Thermal scans) များဖြင့် စစ်ဆေးချက်အရ အပျက်အစီးများအောက်တွင် အသက်ရှူသံနှင့် နှလုံးခုန်သံဆိုင်ရာ လက္ခဏာများကို စမ်းသပ်တွေ့ရှိရသဖြင့် ပိတ်မိနေသည့် သားကောင်များ ထပ်မံရှိနေနိုင်သေးကြောင်း ဆာဂျီလီက ဆိုသည်။
လက်ရှိတွင် ပျောက်ဆုံးနေသူ အရေအတွက်မှာ ၁၇ ဦး ရှိနေပြီး၊ ၎င်းတို့အနက် အများစုမှာ အခင်းဖြစ်ပွားရာနေရာ၌ တာဝန်ကျနေသည့် ဆောက်လုပ်ရေးလုပ်သားများ ဖြစ်ကြကြောင်း သိရသည်။ ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လူပေါင်း ၇၀ ဦးအထိ ခန့်အပ်လုပ်ကိုင်ထားသော်လည်း အများစုမှာ စနေ၊ တနင်္ဂနွေ (ရုံးပိတ်ရက်) အတွက် နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အသက် ၅၅ အရွယ် အယ်လ်ဖရီဒို အယ်လ်ဘစ် (Alfredo Albis) က ၎င်းအနေဖြင့် အဆိုပါအဆောက်အအုံနှင့် ၅ မီတာ (၁၆ ပေ)ခန့်သာ ကွာဝေးသည့် လုပ်သားများနားနေဆောင်တွင် အိပ်ပျော်နေစဉ် အဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီ (AFP) သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆောက်အအုံ ပြိုကျရသည့် အကြောင်းရင်းကိုမူ လတ် တလော မသိရသေးပေ။ အန်ဂျလိစ်မြို့တော်ဝန် ကာမီလို လာဇာတင် (Carmelo Lazatin) က အာဏာပိုင်များအနေဖြင့် အဆောက်အအုံပိုင်ရှင်ကို ရှာဖွေကာ လုပ်ငန်းခွင်ရှိ လုပ်သားအရေအတွက် အပါအဝင် အဖြေများကို သိရှိနိုင်ရန် ကြိုးပမ်းနေကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
လက်ရှိတွင် ပျောက်ဆုံးနေသူ အရေအတွက်မှာ ၁၇ ဦး ရှိနေပြီး၊ ၎င်းတို့အနက် အများစုမှာ အခင်းဖြစ်ပွားရာနေရာ ၌ တာဝန်ကျနေသည့် ဆောက်လုပ်ရေးလုပ်သားများ ဖြစ်ကြသည်။ ယခုကယ်ဆယ်ရေး အဆင့်တွင် အပျက်အစီးများ ရုတ်တရက်ရွေ့လျားပြီး အောက်ကလူများကို ထပ်မံပိမိသွားစေနိုင်သလို ကယ်ဆယ်ရေးဝန်ထမ်းများကိုပါ အန္တရာယ်ဖြစ်စေနိုင်သော ကြောင့် စက်ယန္တရားကြီးများမသုံးဘဲ လူအင်အားဖြင့်သာ အဓိက သတိကြီးစွာ လုပ်ဆောင်နေရသည်။ တစ်ဖက်တွင်လည်း ပိတ်မိနေသူများ၏ မိသားစုဝင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုအပေါ် စိတ်မရှည်နိုင်ဖြစ်ကာ စိတ်ပျက်အားလျော့မှုများ တိုးပွားလာနေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN