ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ကလေးငယ် ၅၀၀ ကျော် သေဆုံး

(နိုင်ငံတကာ)မေ ၂၄

    ​​​​ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝက်သက်ရောဂါ တဟုန်ထိုး ကူးစက်ပြန့်ပွားမှုကြောင့် ကလေးငယ် ၅၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ယခုဖြစ်ရပ်သည် ဆယ်စုနှစ်များစွာအတွင်း အသေ အပျောက် အများဆုံး ဝက်သက်ရောဂါ အကျပ်အတည်းဖြစ်ကြောင်း ကျန်း မာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

     မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ကောက်ခံခဲ့သော စာရင်းဇယားများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် ကလေးငယ် ၁၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်မှာ ၅၁၂ ဦးအထိ ရှိလာခဲ့သည်။ ရောဂါကူးစက်ခံရသူ အများစုမှာ အသက် ၆ လမှ ၅ နှစ်အကြား ကလေးငယ်များ ဖြစ်ကြသည်။

     လက်ရှိတွင် မြို့တော်ဒါကာ (Dhaka) ရှိ ဆေးရုံကြီးများ၌ ဝက်သက်လူနာများ လျှံတက်နေသဖြင့် သီးသန့်လူနာဆောင်များ တိုးမြှင့်ဖွင့်လှစ်ထားရသော်လည်း အရေးပေါ်အထူးကုသဆောင် (ICU) ခုတင်များ လုံလောက်မှု မရှိဘဲ ဖြစ်နေသည်။

     ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၏ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသားလူထုအုံကြွမှုနှင့် အစိုးရအပြောင်းအလဲ ကာလအတွင်း နိုင်ငံတွင်း မငြိမ်မသက်မှုများကြောင့် ပုံမှန်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များတွင် ဟာကွက်များ ဖြစ်ပေါ်ခဲ့ရာမှ ကလေးငယ်အမြောက် အမြား ရောဂါကူးစက်ခံရခြင်း ဖြစ်သည်။ လက်ရှိတွင် လူဦးရေ ၁၇၅ သန်းရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကလေးငယ် ၁၈ သန်းကို အစုလိုက်အပြုံ လိုက် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သော် လည်း ယင်း၏ အကျိုးသက်ရောက်မှုကို မြင်တွေ့ရရန် လနှင့်ချီ၍ စောင့် ဆိုင်းရဦးမည် ဖြစ်သည်။

     ကလေးအထူးကုဆရာဝန်များက ဆေးရုံသို့ ရောက်ရှိလာသော ကလေးငယ်အများစုမှာ အာဟာရချို့တဲ့မှုနှင့် ကာ ကွယ်ဆေးမရှိမှုတို့ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲများ၊ လည်ချောင်း၊ မျက်စိနှင့် အဆုတ်တို့တွင် ပြင်းထန်သော ကူးစက်ပိုးဝင်ဝေဒနာများကိုပါ ပူးတွဲခံစားနေရသဖြင့် အခြေ အနေ စိုးရိမ်ရကြောင်း ပြောကြားထား သည်။

      အစိုးရဘက်က ရောဂါကို ထိန်းချုပ်နိုင်ပြီဟု ဆိုသော် လည်း သေဆုံးမှုနှုန်းမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ရာ၊ UNICEF က နောင်အနာဂတ်တွင် ကာကွယ်ဆေးထိုးနှံမှုနှင့် ကျန်းမာရေးစောင့်ကြည့်စနစ်များအတွက် ရန်ပုံငွေ တိုးမြှင့်ရန် လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN