
(နိုင်ငံတကာ)မေ ၂၄
အကယ်၍ ဆွေးနွေးပွဲများ ပျက်ပြားသွားပါက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအနေဖြင့် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟူ သော သတင်းများ ထွက်ပေါ်နေစဉ်အတွင်း၊ ဝါရှင်တန်၏ “အလွန်အကျွံ တောင်းဆိုမှုများ” ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်စီးလုနီးပါး ဖြစ်နေရသည်ဟု ကုလ သမဂ္ဂဆိုင်ရာ အီရန်သံတမန်အဖွဲ့က စွပ်စွဲလိုက်သည်။
လက်ရှိတွင် ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံ၏ စစ်ဦးစီးချုပ် အာဆင် မူနီယာ (Asim Munir) သည် သောကြာနေ့က အီရန်နိုင်ငံ တီဟီရန်မြို့သို့ ရောက်ရှိလာပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ခ်ချီ (Abbas Araghchi)နှင့် ညနက်ပိုင်းအထိ တွေ့ဆုံကာ တင်း မာမှုများ လျှော့ချရေးကို ဆွေးနွေးခဲ့သည်။
စနေနေ့တွင် ဆက်လက်ပြုလုပ်သည့် ဆွေးနွေးပွဲ၌ အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူး လွှတ်တော်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကွာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf)က စစ်ပွဲအဆုံး သတ်ရေးတွင် အမေရိကန်သည် ရိုးသားမှုမရှိကြောင်း စစ်ဦးစီးချုပ် မူနီယာအား ပြောကြားခဲ့ပြီး၊ အီရန်အနေဖြင့် ၎င်းတို့၏ တရားဝင်အမျိုးသားရေး အခွင့်အရေးများနှင့် ပတ်သက်၍ အလျှော့အတင်းလုပ်မည်မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ လက်ရှိဆွေးနွေးပွဲများသည် တိုက်ခိုက်မှုအသစ်များ ပြန်လည်စတင်ခြင်းနှင့် စစ်ပွဲအဆုံးသတ်မည့် သဘောတူညီချက်ရရှိခြင်းတို့အကြား “အထိခိုက်မခံနိုင်ဆုံး အခြေအနေ” သို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့ပြီး၊ အရေးကြီးသောအခြေအနေများကြောင့် ဝါရှင်တန်တွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နှစ်ဖက်အကြား နက် ရှိုင်းသော သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း လေသံလျှော့ပြောဆိုထားသော်လည်း၊ ပါကစ္စတန်စစ်ဦးစီးချုပ်၏ ယခုခရီးစဉ်သည် ငြိမ်းချမ်းရေးဆွေး နွေးပွဲများတွင် သိသာထင်ရှားသည့် တိုးတက်မှုရရှိနေသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း အကဲခတ်များက ရှုမြင်ကြသည်။
တစ်ချိန်တည်းမှာပင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ် နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည်လည်း အီရန်၏ အဓိကကုန် သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံသို့ သွားရောက်ကာ ယခုအကျပ် အတည်း ဖြေရှင်းရေးကို ဆွေးနွေးလျက်ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုဖြင့် စတင်ခဲ့သော ဒေသတွင်းစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့ခံထားရပြီး ကမ္ဘာ့ရနံထောက်ပံ့မှု အကျပ် အတည်း ပြင်းထန်နေသည်။
အမြဲတမ်း ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိသေးသော်လည်း၊ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ခွင့်ပြုချက်နှင့် လုံခြုံရေးညှိနှိုင်းမှုဖြင့် ရေနံတင်သင်္ဘောအပါအဝင် ကုန်သွယ်ရေးသင်္ဘော ၂၅ စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN