အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများကြောင့် စပိန်ဝန်ကြီး ချုပ် ရာထူးမှနုတ်ထွက်ပေးရန် မက်ဒရစ်မြို့၌ လူပေါင်းသောင်းချီ ဆန္ဒပြတောင်းဆို

(နိုင်ငံတကာ)မေ ၂၄

    ​​​​စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ် (Pedro Sanchez)၏ မိသားစုနှင့် လူယုံအသိုင်းအဝိုင်းအတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်၊ ဝန်ကြီး ချုပ်အား ရာထူးမှနုတ်ထွက်ပေးရန်နှင့် ရွေးကောက်ပွဲအသစ် ချက်ချင်းကျင်းပပေးရန် တောင်းဆိုသည့်အနေဖြင့် မြို့တော်မက်ဒရစ်တွင် လူပေါင်းသောင်းချီ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

     စနေနေ့က ပြုလုပ်သည့် အဆိုပါဆန္ဒပြပွဲကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်ပါဝင်သည့် မဟာမိတ်အဖွဲ့ ‘Sociedad Civil Espanola’ က နှိုးဆော်ခဲ့ခြင်းဖြစ်ပြီး၊ အဓိကအတိုက်အခံ ကွန်ဆာဗေးတစ် ပြည်သူ့ပါတီ (PP) နှင့် လက်ယာစွန်း ‘Vox’ ပါတီတို့က ထောက်ခံပံ့ပိုးခဲ့ကြသည်။ ဆန္ဒပြပွဲစီစဉ်သူများက လာရောက်သူဦးရေ ၁၂၀,၀၀၀ ခန့်ရှိကြောင်း ပြောကြားသော်လည်း၊ ဗဟိုအစိုးရဘက်ကမူ ပါဝင်သူဦးရေ ၄၀,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

     ဆန္ဒပြသူများသည် စပိန်နိုင်ငံတော်အလံများကို ဝှေ့ယမ်းကာ “ခြစားမှုမှာ ပေးဆပ်ရမယ့် တန်ဖိုးရှိတယ်။ ပြစ်ဒဏ်ကင်းလွတ် ခွင့်တွေ နောက်ထပ်မရှိစေရ။ ရာထူးကနုတ်ထွက်ပြီး ရွေး ကောက်ပွဲ အခုချက်ချင်းကျင်းပပေး” ဟူသော စာ တန်းကြီးများကို ကိုင်ဆောင်ကာ ဝန်ကြီးချုပ်၏ တရားဝင်နေအိမ်အနီးရှိ မွန်ကလိုအာရင်ပြင်အထိ ချီတက်ခဲ့ကြသည်။

     လက်ရှိတွင် ဝန်ကြီးချုပ် ဆန်းချက်ဇ်၏ လူယုံအသိုင်း အဝိုင်းအတွင်း ခြစားမှုစွပ်စွဲချက်များစွာ ရင်ဆိုင်နေရသည်။ ၎င်း၏ညီဖြစ်သူ ဒါဗစ် (David)မှာ အာဏာအလွဲ သုံးစားလုပ်မှုဖြင့် တရားရင်ဆိုင်ရန် ပြင်ဆင်နေရသလို၊ ဇနီးဖြစ်သူ ဘီဂိုညာ ဂိုမက်ဇ် (Begona Gomez) သည်လည်း သီးခြားခြစားမှုဖြစ်စဉ်တစ်ခုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ ထို့ပြင် ၎င်း၏လက်ရုံးဟောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်းမှာလည်း ခြစားမှုဖြင့် စီရင်ချက်ကို စောင့် ဆိုင်းနေရဆဲ ဖြစ်သည်။ ပြီးခဲ့သည့်အင်္ဂါနေ့ကလည်း ဝန်ကြီးချုပ် ဆန်းချက်ဇ်၏ မဟာမိတ်ဖြစ်သူ ဆိုရှယ် လစ်ဝန်ကြီးချုပ်ဟောင်း ဇာပါတီရို (Zapatero) အား တရားရုံးက အာဏာအလွဲသုံးစားလုပ်မှုဖြင့် တရားဝင် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အစိုးရအပေါ် ဖိအားများ ပိုမိုပြင်းထန်လာခဲ့သည်။

     လက်ယာစွန်း Vox ပါတီခေါင်းဆောင် ဆန်တီယာဂို အာဘတ်စကယ်က “ပတ်ဒရို ဆန်းချက်ဇ်ရဲ့ အသိုင်းအဝိုင်းထဲမှာ အလွန်ပြင်းထန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲမခံရသူတစ်ယောက်မှ မကျန်တော့ပါဘူး။ စပိန်နိုင်ငံဟာ ခြစားနေတဲ့ မာဖီယားဂိုဏ်းတစ်ခုရဲ့ ဓားစာခံဖြစ်နေရပါပြီ” ဟု ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။ သို့သော်လည်း ဝန်ကြီးချုပ် ဆန်းချက်ဇ်ကမူ ၎င်း၏မိသားစုအပေါ် စွဲဆိုထားသည့် အမှုများ သည် နိုင်ငံရေးအရ ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားပြီး၊ ရာထူးမှနုတ်ထွက်မည်မဟုတ်ဘဲ ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဟု အခိုင်အမာ ပြောကြားထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN