(မှုခင်း) မေ ၂၃
တာချီလိတ်မြို့၊ ပန်စလိကျေးရွာနှင့် မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင်တရုတ်နိုင်ငံသားများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်မြောက်ဘက် လွယ်စတုံကျေးရွာအုပ်စု၊ ပန်စလိကျေးရွာရှိ နေအိမ်အားသတင်းအရ လူံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၃၃ ဦးအား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် All In One ကွန်ပျူတာ ၃၂ လုံး၊ စားပွဲ ၂၀ လုံး၊ ထိုင်ခုံ ၃၅ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယမန်နေ့နံနက်ပိုင်းတွင်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာ၏ အနောက်မြောက်ဘက်မီတာ ၁၈၀၀ ခန့်အကွာသို့အရောက်၌ (၂) ထပ်တိုက်အဆောက်အအုံ ၁ လုံးအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် All In One ကွန်ပျူတာ ၄ လုံး၊ Monitor ၁၄ လုံး၊ CPU ၂၀ လုံးနှင့် ဖုန်းမျိုးစုံ ၄၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်သည်။

#PAN