CDF-Daai တပ်ဖွဲ့ဝင်တစ်ဦးက ခရစ်ယာန်သင်းအုပ်ဆရာတော်တပါးအား လူအများရှေ့တွင် ထိုင်ထအပြစ်ပေး

(ပြည်တွင်း) မေ ၂၂

ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဒါရ်ဒေသထဲတွင် ဧဝံဂေလိတရားတော်ဟောပြောပြီးပြန်လာသည့် ခရစ်ယာဥ်သင်းအုပ် ဆရာတော်တဦးအား CDF-Daai ဂိတ်စောင့်တစ်ဦးက လူအများရှေ့တွင် လက်မြှောက် စေပြီး ထိုင်ထ အကြိမ် ၃၀ အပြစ်ပေးခဲ့ကြောင်းသိရသည်။

မေလ ၁၈ ရက်နေ့က ကျေးရွာအတွင်းတရားတော် ဝေငှဟောပြောပြီးနောက် အိမ်သို့အပြန်လမ်း ၉ မိုင်ဂိတ်ရှိ CDF-Daai ဂိတ်တခုတွင် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တစ်ဦးအား ဂိတ်အတားအဆီး ကို ဆိုင်ကယ်ဖြင့် မတော်တဆ တိုက်မိသဖြင့် အပြစ်ပေးခြင်းဖြစ်ကြောင်းသိရသည်။

ယင်းဂိတ်မောင်းတံကို နွားနှဖားကြိုးဖြင့် ချည်နှောင်ထားပြီး ကားလမ်းမကြီးပေါ်တွင်လည်း အတားအဆီးအဖြစ် ကာရံထားသဖြင့် သတိမထားမိဘဲ မမြင်လိုက်ရသည့် အတွက် မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိကာ ဆိုင်ကယ်နဲ့အတူ ချက်ချင်း လဲကျသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဂိတ်စောင့်နေသည့် လုံခြံရေး တစ်ဦး အပြင် ထွက်လာပြီး ခရစ်ယာန်ဆရာတော်က တောင်းပန်ခဲ့သော်လည်း လက်ခံခြင်းမရှိဘဲ လက်ကို မြှောက်ခိုင်းကာ လူအများရှေ့တွင် ထိုင်ထ အကြိမ် ၃၀ ပြုလုပ်ခိုင်းပြီးအပြစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရစ်ယာန်ဆရာတော်သည် နိုင်ငံကျော် မော်ဒယ် /သရုပ်ဆောင် မာဂရက်၏ မွေးဖခင်ဖြစ်ကြောင်း သိရသည်။

#PAN