
(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၂၁
အီလီနွိုင်းစ် (Illinois) ပြည်နယ်ရှိ မဲဆန္ဒရှင်အများစုအတွက် မတ်လလယ်ပိုင်းက ထုတ်လွှင့်ခဲ့သည့် စက္ကန့် ၃၀ စာ ရွေးကောက်ပွဲ ကြော်ငြာဗီဒီယိုသည် မသင်္ကာစရာ တစ် စုံတစ်ရာ ရှိမနေခဲ့ပေ။
အဆိုပါ ဗီဒီယိုကို မြူးကြွသော တေးဂီတသံဖြင့် စတင်ထားပြီး၊ နောက်ခံစကားပြောသူက လွှတ်တော်အမတ်လောင်း ဘုရှ်ရှာ အာမီဝါလာ (Bushra Amiwala)အား “စစ်မှန်တဲ့ စီးပွားရေးတရားမျှတမှု” အတွက် တိုက်ပွဲဝင်နေသူဖြစ်ပြီး “အမှန်တကယ် အား ကိုးထိုက်သူ” ဖြစ်ကြောင်း ချီးမွမ်းခန်းဖွင့်ထားသည်။ သို့သော် ယင်းဗီဒီယိုသည် အာမီဝါလာ အမေရိကန်အောက်လွှတ်တော်အမတ်အဖြစ် ရွေး ကောက်ခံရစေရန် စေတနာမှန်ဖြင့် ပြုလုပ်ပေးခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့်လည်း အဆိုပါ အမတ်လောင်းက ယင်းကြော်ငြာနှင့် ၎င်းတွင် ပတ်သက်မှုမရှိကြောင်း ချက် ချင်း ငြင်းဆိုခဲ့သည်။
အယ်လ်ဂျာဇီးရား (Al Jazeera)က ပြန်လည်သုံး သပ်ထားသည့် လူထုမှတ်တမ်းများအရ အဆိုပါ စီးပွားဖြစ်ကြော်ငြာအတွက် ကုန်ကျစရိတ်ကို အမေရိကန်နိုင်ငံရှိ အကြီးဆုံး အစ္စရေးလိုလားသော သြဇာလွှမ်းမိုးရေးအဖွဲ့ (Pro-Israel lobby group)နှင့် ဆက်နွှယ်နေသည့် နိုင်ငံ ရေးလှုပ်ရှားမှုကော်မတီ (PAC)တစ်ခုက ပေးချေခဲ့ခြင်းဖြစ်ကြောင်း ပြသနေ သည်။
ယင်းကြော်ငြာအတွက် ရန်ပုံငွေကို အမေရိကန်-အစ္စရေး ပြည်သူ့ရေးရာကော်မတီ (AIPAC) ထံမှ ရရှိခြင်းဖြစ်ပြီး၊ အဆိုပါအဖွဲ့သည် အစ္စရေးအပေါ် ဝေဖန်လေ့ရှိသည့် အမတ်လောင်းများကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားစေရန် ရည် ရွယ်ချက်ဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကမ်ပိန်းများအတွင်းသို့ ဒေါ်လာ သန်းပေါင်းများစွာ ပုံအော သုံးစွဲနေခြင်း ဖြစ်သည်။
လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲများအတွက် ပါတီတွင်းအကြိုဆန္ဒမဲပေးပွဲ (Primary season)များ အရှိန် အဟုန်ပြင်းစွာ ကျင်းပနေချိန်၌ AIPAC သည် လွှတ်တော်အမတ်နေရာ အပြိုင်အဆိုင်များတွင် ၎င်းတို့ဖြစ်စေချင်သည့်ဘက်သို့ ပါဝင်စွက်ဖက်နေကြောင်း ဝေဖန်ရေးသမားများက ဆိုသည်။ ၎င်းတို့၏ စစ်ဗျူဟာများသည် ရွေး ကောက်ပွဲဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ထိခိုက်ပျက်ပြားစေသည်ဟု စောဒက တက်ကြသည်။
“ရွေးကောက်ပွဲ သက်တမ်းတိုင်းမှာ AIPAC ဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစနစ် ဘယ်လောက်အထိ ပျက်စီးနေပြီလဲ၊ နိုင်ငံရေးရန်ပုံငွေစနစ် ဘယ်လောက်အထိ အကျင့်ပျက်ခြစားနေပြီလဲဆိုတာကို ပြသနေပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲတိုင်းမှာ လက်ယာစွန်းအလှူရှင်တွေအတွက် ဒီလိုဥပဒေဟာကွက်တွေကို အသုံးချပြီး မဲဆန္ဒရှင်တွေကို နင်းခြေဖို့ ရှေ့ဆုံးက ပါ ဝင်နေကြတာပါ” ဟု တိုးတက်ပြောင်းလဲရေးဝါဒီအဖွဲ့ (Progressive group) တစ်ခုဖြစ်သည့် Justice Democrats ၏ ပြောရေးဆိုခွင့်ရှိသူ အူဆာမာ အန်ဒရာဘီ (Usamah Andrabi) က ပြောကြားခဲ့သည်။
PAC အမည်ခံ အဖွဲ့အစည်းများ (Shell PACs)
အီလီနွိုင်းစ်ပြည်နယ်တွင် အဆိုပါကြော်ငြာကို ထုတ်လွှင့်ခဲ့ခြင်းမှာ အာမီဝါလာ၏ ရရှိမည့် မဲအရေ အတွက်ကို မြှင့်တင်ပေးခြင်းဖြင့်၊ အမှန်တကယ် အလားအလာကောင်းနေသည့် အခြားသော တိုးတက်ပြောင်းလဲရေးဝါဒီ အမတ်လောင်းများ (အထူးသဖြင့် ကပ်ကပ်သတ်သတ်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည့် ပါလက်စတိုင်း-အမေရိကန် နွယ်ဖွား တက်ကြွလှုပ်ရှားသူ ကတ် အဘူဂါဇာလက်) ရရှိမည့် မဲများကို ခွဲထုတ်ပစ်ရန် ကြံ စည်ခဲ့ခြင်း ဖြစ်သည်။
အာမီဝါလာ၏ ကြော်ငြာတွင် အမည်တပ်ထားသည့် ‘ချီကာဂို ပရိုဂရက်ဆစ် ပါတနာရှစ်’ (Chicago Progressive Partnership)အဖွဲ့သည် AIPAC နှင့် ဆက်နွှယ်နေသည်ဟု လူအများက ယူဆထားကြသော် လည်း၊ အဆိုပါအဖွဲ့အနေဖြင့် ၎င်းတို့၏ ရန်ပုံငွေ မည်သည့်နေရာမှ ရရှိသည်ကို မတ်လအတွင်း ရွေး ကောက်ပွဲများ ပြီးဆုံးသွားသည့်အချိန်အထိ ထုတ်ဖော်ကြေညာရန် ဥပဒေအရ လိုအပ်ချက်မရှိခဲ့ပေ။
ယခုအခါ မဲခွဲဆုံးဖြတ်မှု ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဖက်ဒရယ်ရွေးကောက်ပွဲကော်မရှင် (FEC)၏ အသုံး စရိတ်ပြေစာများအရ ချီကာဂို ပရိုဂရက်ဆစ် ပါတနာရှစ်အဖွဲ့၏ တစ်ဦးတည်းသော ရန်ပုံငွေပံ့ပိုးသူမှာ ‘အလက်ထ် ချီကာဂို ဝီမင်’ (Elect Chicago Women – ECW) ဟု ခေါ်သည့် အခြားသော PAC အဖွဲ့တစ်ခုဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။ ယင်းအဖွဲ့သည် အဆိုပါပါတနာရှစ်အဖွဲ့သို့ ဒေါ်လာ ၁ သန်း ပံ့ပိုးပေးခဲ့သည်။
တစ်ဖန် ECW အဖွဲ့သည်လည်း AIPAC ၏ ရွေး ကောက် ပွဲဆိုင်ရာ လက်တံဖြစ်သော ‘ယူနိုက်တက် ဒီမိုကရေစီ ပရောဂျက်’ (United Democracy Project – UDP) ထံမှ ဒေါ်လာ ၄ သန်းကျော်အပြင်၊ UDP ၏ အကြီးဆုံးအလှူရှင်များထဲမှ တစ်ဦးဖြစ်သူ ရင်းနှီးမြှုပ်နှံသူ ဘလဲ ဖရန့်ခ် (Blair Frank) ထံမှ ဒေါ်လာ ၁ သန်း ထပ်မံရရှိခဲ့ခြင်း ဖြစ် သည်။
ထို့ပြင် AIPAC သည် ‘အက်ဖို့ဒ်ဒေဘယ်ချီကာဂိုနောင်း’ (Affordable Chicago Now) ဟုခေါ်သည့် တတိယမြောက် PAC အဖွဲ့တစ်ခုသို့လည်း ဒေါ်လာ ၁.၃ သန်း ပံ့ပိုးပေးခဲ့ပြီး၊ ယင်းမှာ အီလီနွိုင်းစ်ပြည်နယ်အတွင်း ၎င်းတို့၏ ငွေကြေးသုံးစွဲမှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။
ပါလက်စတိုင်းအခွင့်အရေး လှုပ်ရှားသူများကမူ ယခု ကဲ့သို့ “အမည်ခံ PAC” (Shell PACs) များကို အသုံးပြုခြင်းသည် အမေရိကန်မဲဆန္ဒရှင်များအကြား အစ္စရေးလိုလားသော အဖွဲ့အစည်းများအပေါ် လူထုက မည်မျှအထိ နာကျည်းရွံရှာနေကြပြီလဲ (Toxic ဖြစ်နေပြီလဲ) ဆိုသည့်အချက်ကို သက်သေပြနေခြင်း ဖြစ် သည်ဟု ဆိုကြသည်။ AIPAC သည် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ရန်အတွက် ရန်ပုံငွေများကို PAC တစ်ခုမှတစ်ခုသို့ လမ်း ကြောင်းလွှဲ လွှဲပြောင်းပေးသည့် “ရုရှားအရုပ်လွှာ” (Russian doll) နည်းဗျူ ဟာကို အသုံးပြုနေခြင်းဖြစ် ကြောင်း ၎င်းတို့က စောဒကတက်ကြသည်။
“သူတို့ဟာ ဒီမိုကရက်တစ်ပါတီအတွင်းမှာ လူကြိုက်နည်းလွန်းတာကြောင့် သူတို့ကိုယ်သူတို့ ဖုံး ကွယ်ထားကြရတာပါ။ ဒီလို အမည်ခံ PAC တွေရဲ့ နောက်ကွယ်မှာ AIPAC ရှိမရှိဆိုတာကို ကျောက်ခဲအောက်အထိ လှန်လှောပြီး သူတို့ရဲ့မျက်နှာဖုံးကို ဆက်လက်ခွာချသွားရမှာ ဖြစ်ပါတယ်” ဟု အန်ဒရာဘီက အယ်လ်ဂျာဇီးရားသို့ ပြောကြားခဲ့သည်။
ယခုကဲ့သို့ ကန့်ကွက်မှုများ ပြင်းထန်လာရခြင်းမှာ အစ္စရေးကို ကျောထောက်နောက်ခံပေးထားသည့် မူဝါဒများအပေါ် အမေရိကန်ပြည်သူများအကြား စိတ် ပျက်မှုများ ကျယ်ပြန့်လာခြင်းကြောင့်လည်း ပါဝင်သည်။ ယင်းမူဝါဒများတွင် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့က အီရန်အပေါ် ဆင်နွှဲနေသည့် စစ်ပွဲနှင့် ဂါဇာကမ်းမြောင်ဒေသအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့် ရန်ပြုတိုက် ခိုက်မှုများ ပါဝင်ပြီး AIPAC က ယင်းတို့ကို အပြည့်အဝ ထောက်ခံထားသည်။
ရလဒ်အနေဖြင့် အမေရိကန်ပြည်သူလူထုအကြား အစ္စရေးအပေါ် ထောက်ခံမှုနှုန်းမှာ လျင်မြန်စွာ ကျဆင်းလျက်ရှိသည်။
ယခုအပတ်အတွင်း၌ပင် The New York Times နှင့် Siena College တို့က ပူးတွဲထုတ်ပြန်ခဲ့သည့် လူထုသဘောထားစစ်တမ်းတစ်ခုအရ အမေရိကန်မဲဆန္ဒရှင် ၃၇ ရာခိုင်နှုန်းသည် ပါလက်စတိုင်းပြည်သူများကို ကိုယ်ချင်းစာ ထောက်ခံကြပြီး၊ အစ္စရေးကို ကိုယ်ချင်းစာသူမှာ ၃၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း ပြသနေသည်။
အထူးသဖြင့် ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူများအကြား ယင်းကိန်းဂဏန်းမှာ ပိုမိုမြင့်မားနေပြီး ၎င်းတို့အနက် ၅၇ ရာခိုင်နှုန်းက ပါလက်စတိုင်းပြည်သူများအပေါ် ပိုမိုကိုယ်ချင်းစာစိတ် ရှိကြသည်။ Pew Research Center ၏ ယခုနှစ်အစောပိုင်းက ထုတ်ပြန်ချက်အရလည်း ဒီမိုကရက်တစ် ထောက်ခံသူ ၈၀ ရာခိုင်နှုန်းက အစ္စရေးအပေါ် မလိုလားအပ်သော အမြင်များ ရှိနေကြကြောင်း ဖော်ပြထားသည်။
မဲဆန္ဒရှင်အများစုအတွက်မူ AIPAC သည် အမေရိကန်နိုင်ငံရေးအပေါ် ငွေကြေးဓနဖြင့် လွှမ်းမိုးချုပ်ကိုင်မှုကို ကိုယ်စားပြုသည့် သင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီး၊ အထူး သဖြင့် ဒီမိုကရက်များအကြား ယင်းအဖွဲ့ကို ဝိုင်းပယ်လာကြသည်။ ယခင်က အဆိုပါအဖွဲ့၏ ပံ့ပိုးကူညီမှုကို ရယူခဲ့ဖူးသည့် နိုင်ငံရေးသမားအချို့ပင်လျှင် ယခုအခါ ၎င်းတို့နှင့် ပတ်သက်မှုမရှိကြောင်း ဖြတ်တောက်လာကြသည်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် DAWN ၏ အမှုဆောင်ဒါရိုက်တာ အိုမာ ရှာကီယာ (Omar Shakir) က AIPAC အနေဖြင့် ယခုကဲ့သို့ အမည်ခံအဖွဲ့အစည်းများကို အသုံးပြုလာရခြင်းမှာ ၎င်းတို့အပေါ် လူထုက ငြင်းပယ်လာမှုကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း ဆိုသည်။
“ရန်ပုံငွေတွေ ဘယ်ကလာသလဲဆိုတာကို ဖုံးကွယ်ဖို့ ဆင့်ကဲဆင့်ကဲ PAC ဖွဲ့စည်းပုံတွေကနေတစ်ဆင့် ငွေကြေးလွှဲပြောင်းနေရတာဟာ သူတို့ရဲ့ အားကောင်းမှုကို ပြသနေတာ မဟုတ်ပါဘူး၊ သူတို့ အားနည်းချက် ရှိနေတယ်ဆိုတာကိုပဲ သက်သေပြနေတာ ဖြစ်ပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးရားသို့ သုံးသပ်ပြောကြားခဲ့သည်။
“သူတို့အနေနဲ့ အစ္စရေးရဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုး ရေးခွဲခြားမှု (Apartheid) နဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေကို ကာကွယ်ပြောဆိုပေးလို့ မရတော့တဲ့အတွက် အများပြည်သူ မျက်ကွယ်မှာ စနစ်တစ်ခုလုံးကို မရိုးမသား နည်းလမ်းတွေနဲ့ ကြိုးကိုင်ခြယ်လှယ်နေကြတာ ဖြစ်ပါတယ်”
ပွင့်လင်းမြင်သာမှု မရှိခြင်း
၂၀၁၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည့် အမေရိကန် တရားရုံးချုပ်၏ စီရင်ထုံးတစ်ခုအရ ကော်ပိုရေးရှင်းကြီးများနှင့် အကျိုးစီးပွားကာကွယ်ရေးအဖွဲ့များသည် ၎င်းတို့ပံ့ပိုးပေးနေသည့် မဲဆွယ်စည်းရုံးရေးအဖွဲ့များနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခြင်း မပြုသရွေ့ ရွေးကောက်ပွဲများတွင် ငွေကြေးပမာဏ အကန့် အသတ်မရှိ သုံးစွဲခွင့် ရရှိထားကြသည်။
ဖြစ်စဉ်အများစုတွင် PAC အဖွဲ့များသည် ရွေး ကောက်ပွဲများ ပြီးဆုံးသွားသည့်အချိန်အထိ ၎င်းတို့၏ အလှူရှင်စာရင်းအားလုံးကို ထုတ်ဖော်ပြသရန် မလို အပ်ပေ။ ရွေး ကောက်ပွဲများအပေါ် သြဇာလွှမ်းမိုးမှုရှိပြီး “မှောင်ခိုငွေကြေးအဖွဲ့များ” (Dark money groups) ဟု လူသိများသည့် အချို့သော အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းများဆိုလျှင် ၎င်းတို့၏ အလှူရှင်များကို လုံးဝထုတ်ဖော်ကြေညာရန် မလိုချင်ပေ။ ထို့ပြင် ကြော်ငြာများတွင် မည်သို့သော သတင်းစကားများ ထည့်သွင်းဖော်ပြရမည်ဆိုသည့်အချက်နှင့် ပတ်သက် ၍လည်း စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် အနည်း ငယ်သာ ရှိသည်။
ကျွမ်းကျင်သူများ၏ အဆိုအရ AIPAC သည် ၎င်းတို့ ၏ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ယခုကဲ့သို့သော ဥပဒေဟာကွက်များကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ယခုကဲ့သို့ ပွင့် လင်းမြင်သာမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲအပြိုင် အဆိုင်အများအပြားတွင် ရှုပ်ထွေးဝေဝါးမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
ဥပမာအားဖြင့် ပင်ဆယ်ဗေးနီးယား (Pennsylvan -ia) ပြည်နယ်တွင် ပြင်းထန်စွာ ယှဉ်ပြိုင်ခဲ့ရသည့် ဒီမိုကရက်တစ်ပါတီတွင်း အကြိုဆန္ဒမဲပေးပွဲ၌ အမတ်လောင်း အယ်လာ စတန်းဖို့ဒ် (Ala Stanford) က သူမအနေဖြင့် AIPAC ထံမှ ငွေကြေးတစ်စုံတစ်ရာ ရယူခဲ့ခြင်းမရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
သို့သော် အဆိုပါ ရွေးကောက်ပွဲပြိုင်ပွဲတွင် ငွေကြေးအများဆုံး သုံးစွဲခဲ့သည့်အဖွဲ့မှာ ကလေးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သူ စတန်းဖို့ဒ်ကို ပံ့ပိုးပေးခဲ့သည့် ဒီမိုကရက်တစ် သိပ္ပံပညာရှင်များကို ကျောထောက်နောက်ခံပြုသော ‘314 Action Fund’ ဟုခေါ်သည့် PAC အဖွဲ့ ဖြစ်နေသည်။
AIPAC သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲသက် တမ်းအတွင်းက ‘314 Action Fund’ သို့ ဒေါ်လာ ၁ သန်း လွှဲပြောင်းပေးခဲ့ဖူးသော်လည်း၊ ပင်ဆယ်ဗေးနီးယား ရွေး ကောက်ပွဲပြိုင်ပွဲတွင် အဆိုပါအဖွဲ့၏ ပါ ဝင်ပတ်သက်မှု အတိုင်းအတာမှာ မည်မျှအထိ ရှိနေ သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့သော် ဂါဇာဒေသအတွင်း အစ္စရေး၏ ရက်စက်ကြမ်း ကြုတ်မှုများကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပြစ်တင်ရှုတ် ချခဲ့သည့် တိုးတက်ပြောင်းလဲရေးဝါဒီ ပြည်နယ်လွှတ်တော်အမတ် ခရစ်ရတ်ဘ် (Chris Rabb) က ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပခဲ့သည့် အဆိုပါ ပါတီတွင်းအကြိုဆန္ဒမဲပေးပွဲတွင် ကံကောင်းထောက်မစွာဖြင့် အနိုင်ရရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကင်တပ်ကီ (Kentucky) ပြည် နယ် ၌မူ AIPAC နှင့် အခြားသော အစ္စရေးလိုလားသည့်အဖွဲ့များသည် သမ္မတ ဒေါ်နယ်ထရန့်ကို ဝေဖန်လေ့ရှိသည့် ရှားရှားပါးပါး ရီပတ်ဘလီကန် လွှတ်တော်အမတ် သောမတ်စ် မက်ဆီ (Thomas Massie) ကို ရှုံးနိမ့်သွားစေရန် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည်။
ယင်းဖြစ်စဉ်သည် အမေရိကန် အောက်လွှတ်တော် သမိုင်းတစ်လျှောက် အသုံးစရိတ် အများဆုံးဖြစ်ခဲ့သည့် ပါတီတွင်း အကြိုဆန္ဒမဲပေးပွဲ ဖြစ်ခဲ့သော်လည်း၊ အဆိုပါ ပြိုင်ပွဲတွင် ငွေကြေး အများဆုံး သုံးစွဲခဲ့သည့် PAC အဖွဲ့၏ အလှူရှင်များ၏ အမည်စာရင်းကိုမူ အများပြည်သူသို့ အပြည့်အဝ ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။
အချို့သော ရွေးကောက်ပွဲပြိုင်ပွဲများတွင် AIPAC ၏ ငွေကြေးသုံးစွဲမှုများကို သက်သေပြရန် ခက်ခဲနိုင်သော် လည်း၊ အမတ်လောင်းများအနေဖြင့် အဆိုပါ အစ္စရေးလိုလားသောအဖွဲ့နှင့် မိမိတို့ ပတ်သက်မှုမရှိကြောင်း သာမန် ကာလျှံကာ ငြင်းဆိုနေရုံမျှဖြင့် မလုံ လောက်တော့ကြောင်း အန်ဒရာဘီက ပြောကြားခဲ့သည်။
“AIPAC အနေနဲ့ ဝါရှင်တန်ဒီစီရောက်ရင် သူတို့ရဲ့ အစီ အစဉ်တွေကို မျက်စိမှိတ် အတည်ပြုပေးမယ့် အမတ်လောင်းမျိုး မဟုတ်ရင် ဘယ်တော့မှ ငွေကြေးပုံအော ပံ့ပိုးပေးမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒါကြောင့် သူတို့ ဘာတွေပြောနေလဲ၊ AIPAC ရဲ့ ပံ့ပိုးမှုကို ငြင်းဆိုနေသလား ဆိုတာတင်မကဘဲ သူတို့ လွှတ်တော်ထဲရောက်ရင် ဘယ်လိုမူဝါဒတွေကို ထောက်ခံသွားမှာလဲဆိုတာကိုပါ မေးခွန်းထုတ်ရပါမယ်။ သူတို့အနေနဲ့ အစ္စရေးအပေါ် လက်နက်ပိတ်ဆို့မှု လုပ်မှာကို ထောက်ခံမှာလား။ လူမျိုးတုံးသတ်ဖြတ်မှုကို လူမျိုးတုံးသတ်ဖြတ်မှုလို့ ရဲရဲဝံဝံ ခေါ်ဝေါ်မှာလား။ အစ္စရေးအစိုးရနဲ့ စစ်တပ်ထံ ငွေကြေးထောက်ပံ့မှု အားလုံးကို ဖြတ်တောက်ဖို့ တောင်းဆိုမှာလား။ ဒါတွေဟာ ကျွန်တော်တို့အတွက်တော့ သူတို့ရဲ့ စိတ်ဓာတ်ကို စမ်းသပ်နိုင်မယ့် အကောင်းဆုံး စံနှုန်းတွေပဲ ဖြစ်ပါတယ်”
AIPAC ၏ အချိတ်အဆက်များ
AIPAC သည် ယူနိုက်တက် ဒီမိုကရေစီ ပရောဂျက် (UDP)နှင့် ၎င်းနှင့် ဆက်နွှယ်နေသည့် PAC အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရုံသာမက၊ ရီပတ်ဘလီကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆင် (Mike Johnson)နှင့် ဒီမိုကရက်တစ် အနည်းစုပါတီခေါင်းဆောင် ဟာကင်းမ် ဂျက်ဖရီးစ်(Hakeem Jeffries)တို့ အပါအဝင် လွှတ်တော်အမတ် ၃၆၁ ဦး၏ မဲဆွယ်စည်းရုံးရေး ကမ်ပိန်းများသို့ တစ်ဦးချင်းအလှူ ရှင်များက ငွေကြေးပံ့ပိုးပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။
AIPAC ၏ ကျောထောက်နောက်ခံကို ရရှိထားသည့် အဆိုပါ လွှတ်တော်အမတ်များအုပ်စုတွင် ထင်ရှားသည့် လစ်ဘရယ်ဝါဒီ တက်ဒ်လျူ (Ted Lieu) မှသည် အစ္စလာမ်ဘာသာအပေါ် မုန်းတီးရေးဝါဒီဖြစ်သူ လက် ယာစွန်းနိုင်ငံ ရေးသမား ရန်ဒီဖိုင်း (Randy Fine)အထိ နိုင်ငံရေးသဘော တရား အလွှာစုံမှ ပုဂ္ဂိုလ်များ ပါဝင်နေကြသည်။
သမ္မတဟောင်း ဘာရတ်အိုဘားမား (Barack Obama)ကလည်း ၂၀၂၀ ပြည့်နှစ်က ထွက်ရှိခဲ့သည့် ၎င်း၏ ကိုယ် တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ဝါရှင်တန်ဒီစီအပေါ် လွှမ်းမိုးထားသည့် AIPAC ၏ သြဇာအာဏာကို အသိအမှတ်ပြု ရေးသားခဲ့ပြီး၊ နိုင်ငံရေး သမားများသည် အဆိုပါ လိုလားရေးအဖွဲ့ကို “ဆန့် ကျင်ဘက်ပြုမိမှာ” ကို အမြဲစိုးရိမ်ပူပန်နေကြရကြောင်း ဖော်ပြခဲ့သည်။
“အစ္စရေးရဲ့ မူဝါဒတွေကို အသံကျယ်ကျယ်နဲ့ ဝေ ဖန်တဲ့သူတွေဟာ ‘အစ္စရေးဆန့်ကျင်ရေးဝါဒီ’ (တစ် နည်းအားဖြင့် ဂျူးဆန့်ကျင်ရေးဝါဒီ) အဖြစ် တံဆိပ်ကပ်ခံရမယ့် အန္တရာယ်ရှိသလို၊ နောက်လာမယ့် ရွေး ကောက်ပွဲမှာလည်း ငွေကြေးအင်အား အမြောက် အမြား ပံ့ပိုးထားတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရလေ့ ရှိပါတယ်” ဟု အိုဘားမားက ရေးသားခဲ့သည်။
ယခုသတင်း ထုတ်ပြန်ချိန်အထိ အယ်လ်ဂျာဇီးရား၏ မှတ်ချက်ပေးရန် တောင်းဆိုမှုအပေါ် AIPAC ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။ AIPAC ၏ သြဇာကြီးမားမှုမှာ အထင်အရှား ရှိနေသော်လည်း ၎င်းတို့ ၏ ငွေကြေးသုံးစွဲမှုများနှင့် အဖွဲ့အစည်း ဖွဲ့စည်းပုံများမှာမူ ဝေဝါးနေဆဲဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် DAWN က အဆိုပါအဖွဲ့၏ လက်ရှိနှင့် ဝန်ထမ်းဟောင်းများ၊ ၎င်းတို့၏ လုပ်ငန်းခွင်အချိတ်အဆက်များကို ခြေရာခံရန်အတွက် LinkedIn လူမှုကွန်ရက်ပေါ်က ထုတ်ဖော်ချက်များကို အခြေခံ၍ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းစစ်တမ်းအရ AIPAC တွင် လုပ်ကိုင်ခဲ့ဖူးသူ အများအပြားသည် အမေရိကန်အစိုးရနှင့် အစ္စရေးအစိုးရအဖွဲ့များတွင်ပါ ရာထူးနေရာများ ရယူထားကြကြောင်း တွေ့ရှိရသည်။
“DAWN ၏ သုံးသပ်ချက်အရ AIPAC ဝန်ထမ်းဟောင်း ၆၆ ဦးသည် လက်ရှိတွင် လွှတ်တော်မှသည် အိမ်ဖြူတော်အထိ၊ စစ်ဘက်ဆိုင်ရာ ကဏ္ဍအသီးသီးအထိ အမေရိကန်အစိုးရအဖွဲ့အတွင်း လုပ်ကိုင်နေကြပြီး၊ လက်ရှိ AIPAC ဝန်ထမ်း နှစ်ဆယ်နီးပါးသည်လည်း ယခင်က အမေရိကန်အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်ကြသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ယခုကဲ့သို့ အပြန်အလှန် ကူးလူးဝင်ထွက်နေသည့် ရာထူးနေရာများကြောင့် ဖြစ်ပေါ်လာသည့် ပုဂ္ဂိုလ်ရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဆက်ဆံရေးများသည် ဝါရှင်တန်နိုင်ငံရေးသြဇာ၏ ကျောရိုးပင်ဖြစ်ပြီး၊ ယင်းကို AIPAC ဝန်ထမ်းများနှင့် အမေရိကန် ဖက်ဒရယ်နှင့် ပြည်နယ်အဆင့် ဝန်ထမ်းများအကြားရှိ ရာနှင့်ချီသော လုပ်ငန်းခွင်အချိတ်အဆက်များက သက်သေပြနေ သည်”
အဆိုပါအဖွဲ့က AIPAC အနေဖြင့် ၎င်းတို့အဖွဲ့ကို ဦး ဆောင်နေသူများနှင့် ဝန်ထမ်းများ၏ အမည်စာရင်းကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။ “AIPAC အနေနဲ့ အနည်းဆုံးတော့ ၎င်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ပေါ်မှာ လက်ရှိခေါင်းဆောင်မှုပိုင်း စာမျက်နှာကို လွှင့်တင်ပေးသင့်ပါတယ်” ဟု DAWN က ဆိုသည်။
“အဆို ပါ စာမျက်နှာတွင် AIPAC ၏ အရာရှိများ၊ ဒါ ရိုက်တာဘုတ်အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၏ ဓာတ်ပုံများနှင့် ကိုယ်ရေးရာဇဝင်အကျဉ်းများကို ဖော်ပြသင့်သည်။ ထို့ပြင် အဖွဲ့အစည်း မည်သို့ဖွဲ့စည်းထားသည်ကို ပြသသည့် ဖွဲ့စည်းပုံဇယား (Organizational chart) ကိုလည်း ထုတ်ပြန်သင့်သည်။ ယင်းသည် ၎င်းတို့ကဲ့သို့ အခွန်ကင်းလွတ်ခွင့်ရ အကျိုး အမြတ်မယူသော အဖွဲ့အစည်းများ စံနှုန်းအတိုင်း လိုက်နာဆောင်ရွက်ရမည့် အခြေခံအဆင့်သာ ဖြစ်သည်”
DAWN အဖွဲ့ကိုယ်တိုင် အပါအဝင် ထိပ်တန်း အကျိုးစီးပွားကာကွယ်ရေးအဖွဲ့အများစုသည် ၎င်းတို့၏ ဝန်ထမ်းများနှင့် ဘုတ်အဖွဲ့ဝင်များ၏ အမည်များနှင့် ကိုယ်ရေးအကျဉ်းများကို ထုတ်ပြန်ကြေညာထားကြကြောင်းလည်း ထောက်ပြထားသည်။
AIPAC သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်းအဖြစ် အခွန်ကင်းလွတ်ခွင့် ရရှိထားခြင်းကြောင့် အခွန်ထမ်းပြည်သူများသည် အဆိုပါ အစ္စရေးလိုလားသောအဖွဲ့ကို “ထိရောက်စွာ စိုက်ထုတ်ထောက်ပံ့” ပေးနေရသကဲ့သို့ ဖြစ်နေကြောင်း DAWN ၏ အမှုဆောင်ဒါရိုက်တာ အိုမာ ရှာကီယာက ဆိုသည်။
“ပြည်သူတွေအနေနဲ့ AIPAC က အရှေ့အလယ်ပိုင်းဆိုင် ရာ အမေရိကန်ရဲ့ မူဝါဒတွေကို ဘယ်လိုပုံဖော်ဖို့ လုပ်ဆောင်နေလဲ၊ ယင်းအဖွဲ့မှာ ဘယ်သူတွေ လုပ်ကိုင်နေလဲဆိုတာကို သိပိုင်ခွင့်ရှိပါတယ်” ဟု ၎င်းက အယ်လ်ဂျာဇီးရားသို့ ပြောကြားခဲ့သည်။
(Al Jazeera သတင်းဌာနမှ Ali Harb ၏ How AIPAC channels millions through shell PACs ahead of US midterms သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
#USMidterms #AIPAC #ShellPACs #DarkMoney #USPolitics #IsraelLobby #PalestineSympathy #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN