
(နိုင်ငံတကာ)မေ ၂၁
ဒူတာတေးအစိုးရလက်ထက် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ” အတွင်း လူသားမျိုးနွယ်အပေါ် ကျူး လွန်သည့် ရာဇ၀တ်မှုများဖြင့် နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသည့် အထက်လွှတ်တော်အမတ် ရော်နယ် ဒဲလာရိုဆာ (Ronald dela Rosa) အား ဖမ်းဆီးခြင်းကို တားဆီးပေးရန် တောင်းဆိုချက်ကို ဖိလစ်ပိုင်တရားရုံးချုပ်က ငြင်းဆန်ပယ်ချလိုက်သည်။
လက်ရှိတွင် မည်သည့်နေရာ၌ ရောက်ရှိပုန်းအောင်းနေ သည်ကို မသိရသေးသည့် ၎င်းအား ဖမ်းဆီးနိုင်ရေးအတွက် ယခု တရားရုံးချုပ်၏ စီရင်ချက်က လမ်းပွင့်သွားစေခဲ့ပြီး၊ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၏ ပြောရေးဆိုခွင့်ရှိသူ ကလဲရ် ကက်စထရို (Claire Castro) က “လောလောဆယ်မှာတော့ အထက် လွှတ်တော်အမတ် ဘာတို ဒဲလာရိုဆာ (Bato dela Rosa) အပေါ် ထုတ်ထားတဲ့ ဖမ်းဝရမ်းဟာ တရားဝင်အတည်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်” ဟု ယနေ့ (ဗုဒ္ဓဟူးနေ့)တွင် သတင်းထောက်များကို အတည်ပြုပြောကြားခဲ့သည်။
ဖိလစ်ပိုင်အာဏာပိုင်များသည် ပြီးခဲ့သည့်အပတ်ကတည်းက ဒဲလာရိုဆာကို ဖမ်းဆီးရန် အပြင်းအထန် ကြိုး ပမ်းနေခြင်း ဖြစ်သည်။ ဒဲလာရိုဆာဘက်ကမူ ပြည်တွင်းတရားရုံးတစ်ခုခုက ထုတ်ပြန်သည့် ဝရမ်းမရှိဘဲ နိုင်ငံခြားတရားရုံး (ICC) တစ်ခု၏ ဖမ်းဝရမ်းကို ပြည်တွင်းဥပဒေစိုးမိုးရေးအဖွဲ့များက လာရောက်ဖမ်းဆီးခွင့်မရှိကြောင်း တရားရုံးချုပ်သို့ အရေးပေါ်လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုသည် ဖိလစ်ပိုင်တစ်နိုင်ငံလုံးကို တုန် လှုပ်ခြောက်ခြားစေခဲ့ပြီး အလှည့်အပြောင်းများစွာ ရှိခဲ့သည်။ ဒဲလာရိုဆာသည် ၆ လကြာ ပုန်းအောင်းနေရာမှ ပြီးခဲ့သည့်အပတ်တွင် ပြန်လည်ထွက်ပေါ်လာပြီး အထက်လွှတ်တော်အဆောက်အအုံအတွင်း ရက်အနည်းငယ်ကြာ ခိုလှုံနေခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ကြာသပတေးနေ့ အာရုဏ်တက်ချိန်တွင် အစိုးရကိုယ်စားလှယ်များနှင့် အထက်လွှတ် တော် လုံခြုံရေးဝန်ထမ်းများအကြား လက်နက်ကိုင်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် အထက်လွှတ်တော်အမတ်များပါ ရုံးခန်းထဲတွင် ဝပ်နေခဲ့ရပြီးနောက်၊ ဒဲလာရိုဆာသည် အဆို ပါနေရာမှ ထပ်မံထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ် သည်။
တရားရေးဝန်ကြီး ဖရက်ဒရစ် ဗီဒါ (Fredderick Vida) ကလည်း အာဏာပိုင်များအနေဖြင့် ဒဲလာရိုဆာကို “ဧကန် မုချ” ဖမ်းဆီးသွားမည်ဖြစ်ပြီး ICC ဖမ်းဝရမ်းကို အကောင် အထည်ဖော်ဆောင်ရွက်မည်ဟု ကြေညာထားသည်။ ဒဲလာရိုဆာ၏ ရှေ့နေဖြစ်သူကမူ “ဒီနေ့ ဆုံးဖြတ်ချက်ဟာ ဖမ်းဆီးမှုတားဆီးမိန့်ကိုပဲ ငြင်းပယ်တာဖြစ်ပြီး တရားဝင်မှုအပေါ် နောက်ဆုံးအဆင့် အတည်ပြုတဲ့ ဆုံးဖြတ်ချက်မဟုတ်သေးဘူး” ဟုဆိုကာ ပြန်လည်သုံးသပ်ပေးရန် အသနားခံစာ ဆက်လက်တင်သွင်းသွားမည်ဟု ဆိုသည်။
#PhilippinesPolitics #BatoDelaRosa #RodrigoDuterte #WarOnDrugs #ICCWarWarrant #SupremeCourtRuling #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN