ကုသဆေးနှင့် ကာကွယ်ဆေး မရှိသေးသော အီဘိုလာဗိုင်းရပ်စ်သစ်ကြောင့် အာဖရိကတွင် သံသယဖြစ်ဖွယ် ကူးစက်ခံရသူ ၆၀၀ ဦးနှင့် သေဆုံးသူ ၁၃၉ ဦးရှိလာကြောင်း WHO ပြောကြား

(နိုင်ငံတကာ)မေ ၂၁

     ​အာဖရိကတိုက်ရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)နှင့် ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာဗိုင်းရပ်စ် (Ebola Virus) တစ်ကျော့ပြန် ကူးစက်ပြန့်ပွားမှု ပိုမိုဆိုးရွားလာရာ လက်ရှိတွင် သံသယဖြစ်ဖွယ် ကူးစက်ခံရသူ ၆၀၀ ဦးအထိ ရှိလာပြီး သေဆုံးသူ ၁၃၉ ဦးအထိ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ကြေညာလိုက်သည်။

     ဂျီနီဗာမြို့တွင် ပြုလုပ်သည့် WHO အရေးပေါ်ကော်မတီ အစည်းအဝေးအပြီး၌ အဖွဲ့ချုပ်ညွှန်ကြား ရေးမှူးချုပ် တက်ဒရိုစ် အက်ဟာနွန် ဂီဘရီရီဆုစ် (Tedros Adhanom Ghebreyesus)က ယခုဗိုင်းရပ်စ် ကူးစက်မှုသည် “နိုင်ငံ တကာက အထူးစိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” တစ်ရပ်အဖြစ် သတ်မှတ်ထားဆဲဖြစ်သော်လည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် (Pandemic)မျိုး မဟုတ်သေးကြောင်း အတည်ပြုခဲ့သည်။ လက်ရှိတွင် အဆိုပါရောဂါ၏ ဘေးအန္တရာယ်မှာ သက်ဆိုင်ရာ နိုင်ငံနှင့် ဒေသတွင်းအဆင့်၌သာ မြင့်မားနေပြီး ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် နည်းပါးနေသေးကြောင်း အကဲ ဖြတ်ထားသည်။

     ​ယခုတစ်ကျော့ပြန် ကူးစက်ပြန့်ပွားမှုသည် ကွန်ဂိုနိုင်ငံက ၎င်းတို့၏ ယခင်အီဘိုလာကပ်ရောဂါ ပြီးဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ၅ လအကြာမှာပင် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။ ပိုမိုစိုးရိမ်စရာကောင်းသည့်အချက်မှာ လက်ရှိကူးစက်မှုကို ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်မှာ ‘ဘွန်ဒီဘူဂျို’ မျိုးကွဲ (Bundibugyo strain) ဖြစ်နေပြီး၊ ယင်းသည် လက်ရှိအချိန်အထိ ကာကွယ်ဆေး သို့မဟုတ် ကုသရန် ဆေး ဝါးလုံးဝမရှိသေးသည့် အီဘိုလာဗိုင်းရပ်စ်အမျိုးအစား ဖြစ်နေခြင်း ဖြစ်သည်။

     WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာ အကြီး အကဲ ချီကွဲ အီဟက်ကွာဇူ (Chikwe Ihekweazu) က “ကျွန်တော်တို့ရဲ့ အခုလက်ရှိ အခြေအနေမှာ အကြွင်း မဲ့ ဦးစားပေးလုပ် ငန်းကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကူးစက်မှုကွင်းဆက် (Chains of transmission) အားလုံးကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့ ဖြစ်ပါတယ်” ဟု ဆိုကာ ရောဂါကူးစက်မှု အတိုင်းအတာကို ထိန်း ချုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

     WHO ကျွမ်းကျင်သူများ၏ အဆိုအရ ယခုကူးစက်မှုသည် လွန်ခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကတည်း က ပထမဆုံး သေဆုံးမှုဖြင့် စတင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။ ပထမဆုံးလူနာ သေဆုံးခဲ့ပြီးနောက် စျာပနအခမ်းအနားတစ်ခုတွင်သော်လည်း ကောင်း သို့မဟုတ် ကျန်းမာရေးစောင့် ရှောက်မှုဌာနတစ်ခုခုတွင်သော်လည်းကောင်း လူအများအပြားကို တစ်ပြိုင်နက် ကူးစက်စေခဲ့သည့် ဖြစ်စဉ် (Super-spreader event) တစ်ခု ဖြစ်ပွားခဲ့သည်ဟု ယူဆရသဖြင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

     လက်ရှိ သံသယလူနာ ၆၀၀ အနက် ကွန်ဂိုနိုင်ငံမြောက်ပိုင်း ပြည်နယ်များတွင် အတည်ပြုလူနာ ၅၁ ဦး တွေ့ရှိထားပြီး၊ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ မြို့တော်ကန်ပါလာတွင်လည်း ကွန်ဂိုမှ ခရီးသွားလာခဲ့သူ ၂ ဦးထံ၌ ရောဂါပိုးတွေ့ရှိကာ ၁ ဦး သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် ကွန်ဂို၌ ဗိုင်းရပ်စ်ကူးစက်ခံရသည့် ဆေးဘက်ဆိုင်ရာ သာသနာပြုတစ်ဦးကိုလည်း ဂျာမနီနိုင်ငံသို့ အရေးပေါ် ပို့ဆောင်ကုသနေရသည်။

     တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ (EU)၏ ပြောရေး ဆိုခွင့်ရှိသူ အီဗာ ဟာန်စီရိုဗာ (Eva Hrncirova) က “ရောဂါဝေဒနာတွေဟာ နယ်စပ်စည်းခြားထားရုံနဲ့ ရပ်တန့်မသွားဘူး” ဟု ဆိုသော်လည်း လက်ရှိတွင် ဥရောပအတွင်း ရောဂါပြန့်ပွားနိုင်ခြေ အန္တရာယ်မှာ “အလွန်နည်းပါး” သေးသဖြင့် ပြည်သူများအနေဖြင့် ပုံမှန်ကျန်းမာရေး လမ်းညွှန်ချက်များကိုသာ လိုက်နာရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

​#EbolaOutbreak #WHO #BundibugyoStrain #PublicHealthEmergency #DRCongo #Uganda #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews
#PAN