(ပြည်တွင်း) မေ ၁၉
နေပြည်တော်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia ကို မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေးကိစ္စများ၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးခင်လတ်၊ ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တရုတ်သံအမတ်ကြီးနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။