(ပြည်တွင်း) မေ ၁၉
နိုင်ငံတော်အတွက် အကြပ်အတည်းအချိန်ကာလများတွင် တပ်မတော်သည်အသင့်ဖြစ်ခဲ့၍ တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်မှ အချိန်မီတားဆီးနိုင်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးမှ ပြောဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ ဆီဆိုင်၊ ဘန်းယဉ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အရေးကြီးမှသွေးစည်းသည်ဆိုသည်ထက် အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ မည်သည့်အချိန်တွင်မဆို မိမိတို့က သွေးစည်းသည်ဆိုသည့် စိတ်ဓာတ်မျိုးရှိရန်လိုပြီး တိုင်းပြည်ချစ်စိတ်နှင့် တပ်မတော်ချစ်စိတ်ကိုအခြေခံပြီး မိမိကိုယ်ကိုသစ္စာရှိရန်၊ မိမိ၏မိသားစုအပေါ်သစ္စာရှိရန်၊ မိမိ၏ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပေါ်သစ္စာရှိရန်၊ တပ်မတော်အပေါ်နှင့်နိုင်ငံတော်အပေါ်သစ္စာရှိရန်လိုသည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှပြောသည်။
ထို့ပြင် တရားသောစစ်ကိုအောင်နိုင်ခြင်းသည် ပြည်သူ၏အားကိုးယုံကြည်မှုကိုရရှိမည်ဖြစ်ပြီး တပ်မတော်သည်နိုင်ငံ၏ Last Defence ဖြစ်၍ ခိုင်ခိုင် မာမာတည်ဆောက်နေရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာဖောက်မှု၊ ငွေကြေးရှုပ်ထွေးမှု၊ လူမှုရေးရှုပ်ထွေးမှု၊ မူးယစ်ဆေးဝါးမှုများသည် ခွင့်လွှတ်ပေး၍မရကြောင်း၊ ပြုပြင်ဆုံးမပေးနိုင်သော အပြစ်ဖောက်မှုများအတွက် ပြုပြင်ဆုံးမကာ သဘောပေါက်နားလည်စေခြင်းဖြင့် ထိန်းသိမ်းပေးရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။