အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ PDF အပါအဝင် အဖွဲ့ဝင် ၃၁၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်

(ပြည်တွင်း) မေ ၁၉

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အပါအဝင် အဖွဲ့ဝင် ၃၁၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မေလ၁၉ရက်နေ့ နံနက်ပိုင်းက အလယ်ပိုင်းစစ်ဌာနချုပ်တွင် PDF အပါအဝင် အဖွဲ့စည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၂၇၇ ဦးနှင့် အမျိုးသမီး ၃၅ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲကို ကျင်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ဆုကြေးငွေထောက်ပံ့ခြင်းနှင့် အမှာစကားပြောကြားခြင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဌေးက အလင်းဝင်ရောက်လာသူများ၏ လက်နက်အပ်နှံခြင်းကို လက်ခံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသူ ၃၁၂ဦးသည် မန္တလေးတိုင်းအတွင်းရှိ အောင်မြေသာစံ၊ ချမ်းမြေ့သာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြည်ကြီးတံခွန် ၊ ပြင်ဦးလွင်၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးမိတ်၊ မြင်းခြံ၊ ညောင်ဦး၊ တောင်သာ ၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး ၊ မကွေးတိုင်းအတွင်းရှိ ချောက် စလင်း၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ တောင်တွင်းကြီး၊ နတ်မောက်၊ ပခုက္ကူ၊ ပဒါန်း၊ ငဖဲ စသည့်မြို့နယ်တို့မှ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့မှ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ MA1 သေနတ် ၄ လက်၊ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၃ လက်၊ M22 သေနတ် ၁ လက်၊ KA-25 သေနတ် ၁ လက်၊ Type 81 သေနတ်၂ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ ကျည်အိမ်မျိုးစုံ ၂၃ ခု၊ ကျည်မျိုးစုံ ၇၈၁ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ ခု၊ ဗုံးသီး ၂ လုံး စသည်တို့ ယူဆောင်လာခဲ့ပြီး အပ်နှံခဲ့ကြောင်း သိရသည်။