တာချီလိတ်၌ ၂၂ ကေဗွီ ဓာတ်အားလိုင်းမှတစ်ဆင့် ကျေးရွာ (၄) ရွာသို့ လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ် ဖွင့်ပွဲကျင်းပ

(ပြည်တွင်း) မေ ၁၉

တာချီလိတ်မြို့၊ မိုင်းဖုန်း(က)အုပ်စု၊ နမ့်လွဲရွာနှင့် ပိန်းညောင် (၁/၂/၃) ရွာများအပါအဝင် ကျေးရွာ (၄) ရွာသို့ ဓာတ်အားပို့လွှတ်နိုင်ရန် တည်ဆောက်ထားသော (၂၂ ကေဗွီ) ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများမှတစ်ဆင့် လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်းနှင့် ကျေးရွာမီးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မိုင်းဖုန်း(က)အုပ်စု၊ ပိန်းညောင်(၂)ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မီးရရှိရေးဆောင်ရွက်မှုအဆင့်ဆင့်ကို ဗမာဘာသာနှင့် အာခါဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့မီးလင်းရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး(၁) ဦးစိုင်းဆမ်ဆုက ဓာတ်အားဖြန့်ဖြူးမှုနှင့် ပတ်သက်သည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဝှေလေလန်(အာခါ)ရွာ ရပ်မိရပ်ဖ ဦးဂျူးဘီနှင့် ပိန်းညောင်(၃)ရွာ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးဂျူးဗြာတို့ကလည်း ကျေးရွာမီးရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားသို့ တာဝန်ရှိသူများ၊ ဒေသခံကျေးရွာသူ/သားများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး နောက်ပိုင်းတွင် ရိုးရာလွယ်အိတ်များ ပေးအပ်ခြင်းနှင့် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။