
(နိုင်ငံတကာ)မေ ၁၉
အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများနှင့် မဟာဗျူ ဟာမြောက် ဖိအားများကို အသီးသီးရင်ဆိုင်နေရသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ခေါင်း ဆောင် ရှီကျင့်ဖျင်တို့သည် တစ်နှစ်မပြည့်မီကာလအတွင်း ဒုတိယအကြိမ်မြောက် လူချင်းတွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ၌ ကျင်းပရန် ရှိနေသည်။ ယင်းခရီးစဉ်မတိုင်မီ သမ္မတ ပူတင်က မော်စကိုနှင့် ပေကျင်းတို့အကြား နက်ရှိုင်းလာနေသည့် ဆက်ဆံရေးသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ‘တည်ငြိမ်မှုပေးသည့်’ အင်အားစုတစ်ရပ်ဖြစ်ကြောင်း အလေးအနက် ထုတ်ဖော်ချီးကျူးလိုက်သည်။
အင်္ဂါနေ့(မေလ ၁၉ ရက်) ညနေပိုင်းတွင် စတင်မည့် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်မတိုင်မီ နိုင်ငံပိုင်မီဒီယာမှ ထုတ်လွှင့်သည့် မိန့်ခွန်း၌ ပူတင်က ရုရှားနှင့် တရုတ်တို့ သည် အခြားမည်သည့်နိုင်ငံကိုမျှ ဆန့်ကျင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက်သာ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆို သည်။
၎င်းက “ဒီလိုစိတ်ဓာတ်မျိုးနဲ့ပဲ မော်စကိုနဲ့ ပေကျင်းတို့ဟာ နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို အပြည့်အဝ ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေးသည် လက် ရှိတွင် “မကြုံစဖူးအဆင့်” သို့ ရောက်ရှိနေပြီး အချုပ် အခြာအာဏာနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ကာကွယ်စောင့်ရှောက်ရေးကဲ့သို့သော အခြေခံကျသည့် ကိစ္စရပ်များတွင် အပြန်အလှန် အပြည့်အဝ ပံ့ပိုးကူညီနေကြပြီဖြစ်ကြောင်း ၎င်းက ဖြည့် စွက်ပြောဆိုခဲ့သည်။
နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် ‘အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင် ရွက်ရေးစာချုပ်’ ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေသည့် ပူတင်၏ ယခုခရီးစဉ်သည်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်ခေါင်း ဆောင် ရှီကျင့်ဖျင်တို့ ပေကျင်းမြို့၌ နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထရန့်နှင့် ရှီကျင့်ဖျင်တို့၏ တွေ့ဆုံပွဲတွင် လှိုက်လှဲသော ပြောဆိုမှုများ ရှိခဲ့သော်လည်း ကုန်သွယ်ရေး၊ AI၊ ထိုင်ဝမ်အရေးနှင့် လက်ရှိဖြစ်ပွားနေသော ‘အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှု’ အပါ အဝင် အငြင်းပွားဖွယ်ရာ ကိစ္စရပ်ကြီးများအပေါ် ခိုင်မာသည့် သဘောတူညီချက်တစ်စုံတစ်ရာ မဖော်ဆောင်နိုင်ခဲ့ပေ။
နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ အလက်ဇန်းဒါး ကိုရိုလက်ဗ် (Alexander Korolev) က “ရုရှားနိုင်ငံအတွက်တော့ ဒီခရီးစဉ်ဟာ အနောက်အုပ်စုရဲ့ ဖိအားတွေ ရှိနေပေမယ့်လည်း ထိပ်တန်းနိုင်ငံရေးနဲ့ စီးပွား ရေးမိတ်ဖက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း ပြသရာရောက်ပါတယ်။ တရုတ်အတွက်ကတော့ ရုရှားနဲ့ ဆက်ဆံရေးဟာ ၎င်းရဲ့မဟာဗျူဟာမြောက် ပတ် ဝန်းကျင်အတွက် ယုံကြည်စိတ်ချရတဲ့ မဏ္ဍိုင်ဖြစ်တယ်ဆိုတာကို ထပ်လောင်းအတည် ပြုလိုက်တာပါပဲ” ဟု သုံးသပ်ထားသည်။
၂၀၂၂ ခုနှစ် ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှားနိုင်ငံအပေါ် အနောက်အုပ်စုက သီးခြားခွဲထုတ်ပိတ်ဆို့ထားစဉ်အတွင်း မော်စကိုနှင့် ပေကျင်းတို့သည် စီးပွားရေးအရ ပိုမိုနီးကပ်လာခဲ့သည်။ ရုရှားနှင့် တရုတ်အကြား နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုပမာဏသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆကျော် မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄၅ ဘီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့သည်။ ရုရှားက တရုတ်နိုင်ငံသို့ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့ကို အဓိကတင်ပို့နေပြီး၊ တရုတ်နိုင်ငံကမူ ရုရှားသို့ စက် ယန္တရားများ၊ မော်တော်ယာဉ်များနှင့် လျှပ်စစ်ပစ္စည်းများကို အမြောက်အမြား ပြန်လည်တင်သွင်းပေးလျက်ရှိသည်။
ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် ပူတင်နှင့် ရှီကျင့်ဖျင်တို့၏ ထိပ်သီးအစည်းအဝေးသည် ကမ္ဘာ့ရေးရာကဏ္ဍများတွင် အမေရိကန်၏ တစ်ဦးတည်းသော ဩဇာ လွှမ်းမိုးမှု (Dominant power)ကို စိန်ခေါ်ရန်အတွက် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်ကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း နိုင်ငံတကာဝေဖန်သူများက ရှုမြင်နေကြသည်။
#PutinXiSummit #RussiaChinaAlliance #DonaldTrump #GlobalPolitics #BreakingNews #PositiveAngleNews 🇨🇳🇷🇺
Telegram»…
https://t.me/positiveanglenews
#PAN