ဟော်မုဇ်ရေလက်ကြား အောက်ခြေနက်ရှိုင်းသောနေရာရှိ အင်အားအရင်းအမြစ်အသစ်တစ်ခုကို အီရန်မျက်စိကျနေပြီလား

(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၁၇

         ​ဟော်မုဇ်ရေလက်ကြားကို စစ်တွင်းကာလအတွင်း အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့မှုကြောင့် စိတ်အား တက်ကြွနေသည့် အီရန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ ဝှက်ဖုံးနေသော သွေးကြောမကြီးတစ်ခုဖြစ်သည့် ဥရောပ၊ အာရှနှင့် ပါရှန်းပင်လယ်ကွေ့အကြား ကြီးမားလှသော အင်တာနက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အချက် အလက် (Data)များကို သယ် ဆောင်ပေးနေသော ရေအောက်ကေဘယ်ကြိုးလိုင်းများဘက်သို့ မျက်စိကျလာခဲ့သည်။

     အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်)သည် ဟော်မုဇ်ရေလက် ကြားအောက်တွင် သွယ်တန်းထားသည့် ရေအောက်အင်တာနက်ကေဘယ်ကြိုးများကို အသုံးပြုနေမှုအတွက် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးများထံမှ အခကြေးငွေ တောင်းခံလိုနေပြီး၊ အကယ်၍ အဆိုပါကုမ္ပဏီများက ငွေမပေးဆောင်ပါက အချက် အလက်စီးဆင်းမှုများ ပြတ်တောက်သွားနိုင်ကြောင်း အစိုးရနှင့် ဆက်နွှဲနေသည့် မီဒီယာများက သွယ်ဝိုက်၍ ခြိမ်းခြောက်ထားကြသည်။ တဟီရန်ရှိ ဥပဒေပြုအမတ်များသည် အာရပ်နိုင်ငံများကို ဥရောပနှင့် အာရှတို့ဆီ ချိတ်ဆက်ပေးထားသည့် ရေအောက်ကေဘယ်ကြိုးများကို ပစ်မှတ်ထားမည့် စီမံကိန်းတစ်ခုကို ပြီးခဲ့သည့်သီတင်းပတ်က ဆွေးနွေးခဲ့ကြသည်။

     “ကျွန်တော်တို့ အင်တာနက်ကေဘယ်ကြိုးတွေအပေါ် အခကြေးငွေတွေ စတင်စည်းကြပ်သွားမှာ ဖြစ်ပါတယ်” ဟု အီရန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုးလ်ဖာဂါရီ (Ebrahim Zolfaghari) က ပြီးခဲ့သည့်သီတင်းပတ်က X (တွစ်တာ) ပေါ်တွင် ကြေညာခဲ့သည်။ တဟီရန်အနေဖြင့် ရေလက်ကြားမှတစ်ဆင့် ဝင်ငွေရှာဖွေမည့် စီမံကိန်းအရ ဂူဂဲလ်(Google) ၊ မိုက်ခရိုဆော့ဖ်(Microsoft) ၊ မက််တာ(Meta) နှင့် အမေဇုန် (Amazon)ကဲ့သို့သော ကုမ္ပဏီကြီးများအနေဖြင့် အီရန် ၏ ဥပဒေကို လိုက်နာရန် လိုအပ်မည်ဖြစ်ပြီး၊ ရေအောက်ကေဘယ်ကြိုး ကုမ္ပဏီများအနေဖြင့်လည်း ကေဘယ်ကြိုးဖြတ်သန်းခအတွက် လိုင်စင်ကြေးများ ပေးဆောင်ရမည်ဖြစ်ကာ၊ ပြုပြင်ထိန်းသိမ်းရေးဆိုင် ရာ အခွင့်အရေးများကိုမူ အီရန်ကုမ္ပဏီများကိုသာ သီးသန့်ပေးအပ်ရမည်ဖြစ်ကြောင်း အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC)နှင့် ဆက်နွှဲနေသည့် မီဒီယာများက ဆိုသည်။

     သို့သော်လည်း ပြင်းထန်လှသော အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် အဆိုပါ နည်းပညာကုမ္ပဏီကြီးများသည် အီရန်သို့ ငွေပေးချေခွင့် ပိတ်ပင်ခံထားရသဖြင့်၊ အီရန်စစ်အစိုးရအနေဖြင့် ၎င်းတို့ကို မည်သို့အတင်းအကျပ် လိုက်နာခိုင်းမည်ဆိုသည်မှာ မရှင်းလင်းသေးပေ။ ရလဒ်အနေဖြင့် ကုမ္ပဏီကြီးများကိုယ်တိုင်က အီရန်၏ ပြောကြားချက်များကို အလေးအနက်ထားရမည့် မူဝါဒတစ်ခုထက်စာလျှင် ဟန်ရေး ပြ ခြိမ်းခြောက်မှုတစ်ခုအဖြစ်သာ ရှုမြင်နိုင်ပါသည်။

     သို့သော်ငြားလည်း အစိုးရနှင့် ဆက်နွှဲနေသည့် မီဒီယာများက ကမ္ဘာလုံးဆိုင်ရာ အချက်အလက်ပေးပို့မှုတွင် ဒေါ်လာထရီလီယံပေါင်းများစွာကို ထိခိုက်စေနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ အင်တာနက်ချိတ်ဆက်မှုများကို အနှောင့်အယှက်ဖြစ်စေမည့် ကေဘယ်ကြိုးများ ပျက်စီးဆုံးရှုံးနိုင်ခြေရှိကြောင်း သွယ်ဝိုက်သော ခြိမ်း ခြောက်မှုများကို ဆက်တိုက်ထုတ်ပြန်ထားသည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တရုတ်နိုင်ငံမှ ပြန် လည်ရောက်ရှိလာပြီးနောက် စစ်ပွဲပြန်လည်စတင်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင်၊ အီရန်သည် ၎င်းတို့၌ စစ်ရေးအင်အားအပြင် အခြားသော အစွမ်းထက်သည့် ကိရိယာတန်ဆာပလာများ ရှိနေသေးကြောင်း ပိုမိုအချက်ပြလာခြင်း ဖြစ် သည်။ ယခုလုပ်ရပ်သည် ဟော်မုဇ်ရေလက်ကြား၏ အရေးပါမှုမှာ စွမ်းအင်တင်ပို့မှုထက် ပိုမိုကျယ်ပြန့်ကြောင်း မီးမောင်းထိုးပြနေပြီး၊ တီဟီရန်အနေဖြင့် ၎င်း၏ ပထဝီဝင်အနေအထား အသာစီးရမှုကို ရေရှည်စီးပွားရေးနှင့် မဟာဗျူဟာမြောက် အင်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

     ရေအောက်ကေဘယ်ကြိုးများသည် ကမ္ဘာ့အင်တာနက်နှင့် အချက်အလက်စီးဆင်းမှု အများစုကို သယ် ဆောင်ပေးနေသဖြင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှု၏ ကျောရိုးမကြီး ဖြစ်သည်။ ၎င်းတို့ကို ပစ်မှတ်ထားခြင်းသည် အင်တာနက်အမြန်နှုန်းကိုသာမက ဘဏ်လုပ် ငန်းစနစ်များ၊ စစ်ရေးဆိုင်ရာ ဆက်သွယ်ရေးများ၊ AI Cloud အခြေခံအဆောက်အအုံများမှအစ အိမ်မှနေ၍ အလုပ်လုပ်ခြင်း (Remote work) ၊ အွန်လိုင်းဂိမ်းများနှင့် ဗီဒီယိုကြည့်ရှုခြင်း ဝန်ဆောင်မှုများ (Streaming services) အထိ အရာအားလုံးကို ခြိမ်း ခြောက်နိုင်စွမ်း ရှိသည်။

     အီရန်၏ ခြိမ်းခြောက်မှုများသည် ဟော်မုဇ်ရေ လက်ကြားအပေါ် ၎င်းတို့၏ အသာစီးရမှုကို ပြသရန်နှင့် စစ်အစိုး ရ ရေရှည်ရှင်သန်ရေးကို အာမခံချက်ရှိစေရန် လုပ်ဆောင်သည့် မဟာဗျူဟာတစ်ခု၏ အစိတ် အပိုင်းဖြစ်ပြီး၊ ယင်းသည် ယခုစစ်ပွဲအတွင်း အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အဓိကရည်မှန်းချက်လည်း ဖြစ်ကြောင်း ဘလွန်းဘတ် စီးပွားရေးသုတေသနအဖွဲ့ (Bloomberg Economics)၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အကြီးအကဲ ဒီနာ အက်စ်ဖန်ဒီယာရီ (Dina Esfandiary)က ပြောကြားခဲ့သည်။

     “ဒါဟာ ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားလှတဲ့ ကုန် ကျစရိတ်တွေ ဖြစ်ပေါ်အောင် ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ဒါမှ နောက်တစ်ကြိမ်မှာ ဘယ်သူကမှ အီရန်ကို ထပ်ပြီး မတိုက်ခိုက်ရဲတော့မှာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

‘ဆင့်ကဲဖြစ်ပွားမည့် ဒစ်ဂျစ်တယ် ကပ်ဘေးကြီး’

     တိုက်ကြီးများအကြား ချိတ်ဆက်ထားသည့် အဓိက ရေအောက်ကေဘယ်ကြိုးလိုင်း အချို့သည် ဟော်မုဇ်ရေလက် ကြားကို ဖြတ်သန်းသွားကြသည်။ အီရန်နိုင်ငံနှင့် ပတ်သက် ၍ ကာလရှည်ကြာရှိနေခဲ့သော လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် နိုင်ငံ တကာ အော်ပရေတာများသည် အီရန်ပိုင်ရေနက်ပိုင်းနယ်နိမိတ်ကို တမင်တကာ ရှောင်ရှားခဲ့ကြပြီး၊ ယင်းအစား ကေဘယ်ကြိုးအများစုကို ရေလမ်းကြောင်း၏ အိုမန်နိုင်ငံဘက်ခြမ်းရှိ ကျဉ်းမြောင်းသောအကွက်အတွင်း စုပြုံသွယ်တန်းခဲ့ကြကြောင်း ပင်လယ်ကွေ့ဒေသရှိ ရေအောက်ဆက်သွယ်ရေး အခြေခံအဆောက် အအုံများအပေါ် အကြီးအကျယ် တိုက်ခိုက်ခံရပါက ဖြစ်ပေါ်လာမည့် သက်ရောက်မှုများဆိုင်ရာ သုတေ သနစာတမ်းကို ထုတ်ဝေခဲ့သူ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)အခြေစိုက် ဟာဘ်တူးရ် သုတေ သနစင်တာ (Habtoor Research Center)မှ အကြီးတန်းသုတေသီ မိုစတာဖာ အာမက်ဒ် (Mostafa Ahmed)က ပြောကြားခဲ့သည်။

     သို့သော်လည်း အဆိုပါကေဘယ်ကြိုးများထဲမှ ဖော်ကွန် (Falcon) နှင့် ဂျာလ်ဖ် ဘရစ်ချ် အင်တာနေရှင်နယ် (Gulf Bridge International – GBI) ဟုခေါ်သည့် ကေဘယ်ကြိုးနှစ်လိုင်းမှာ အီရန်၏ ပိုင်နက်ရေပြင်အတွင်း ဖြတ်သန်းသွယ်တန်းထားခြင်းဖြစ် ကြောင်း တယ်လီကွန်းသုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် TeleGeography မှ သုတေသနဒါရိုက်တာ အလန် မော်လ်ဒင်(Alan Mauldin)က ဆိုသည်။

     အီရန်အနေဖြင့် ကေဘယ်ကြိုးများကို ဖျက်ဆီးပစ်မည်ဟု အတိအလင်း ပြောကြားထားခြင်း မရှိသော် လည်း၊ ဝါရှင်တန်၏ ဒေသတွင်း မဟာမိတ်များကို အပြစ်ပေးအရေးယူမည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို တာဝန်ရှိသူများ၊ ဥပဒေပြုအမတ်များနှင့် အစိုးရနှင့် ဆက်နွှဲနေသည့် မီဒီယာများမှတစ်ဆင့် ထပ်တလဲလဲ ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းသည် စစ်အစိုးရက ၎င်း၏ အိမ်နီးချင်းများကို တိုက်ခိုက်ရန် ကြံဆထားသည့် နောက်ဆုံးပေါ် အချိုးမညီသော စ စ်ဆင်ရေးနည်းဗျူဟာ (Asymmetric warfare technique) တစ်ခု ဖြစ်ပုံရသည်။

      အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် တိုက်ခိုက်ရေးရေငုပ်သမားများ၊ ရေငုပ် သင်္ဘောငယ်များနှင့် ရေအောက်ဒရုန်းများကို တပ်ဆင်ထားသဖြင့် ရေအောက်ကေဘယ်ကြိုးများအတွက် အန္တရာယ်တစ်ခု ဖြစ်နေကြောင်းနှင့် မည်သည့်တိုက် ခိုက်မှုမဆို ဖြစ်ပွားခဲ့ပါက ဆင့် ကဲကူးစက်မည့် “ဒစ်ဂျစ်တယ် ကပ်ဘေးကြီး” (Digital catastrophe) ကို လှုံ့ဆော်ပေးနိုင်ကြောင်း အာမက်ဒ်က ဖြည့်စွက်ပြောကြားခဲ့သည်။

      ပါရှန်းပင်လယ်ကွေ့တစ်လျှောက်ရှိ အီရန်၏ အိမ် နီးချင်းနိုင်ငံများသည် အင်တာနက်ချိတ်ဆက်မှု ပြင်း ထန်စွာ ပြတ်တောက်မှုများနှင့် ရင်ဆိုင်ရနိုင်ပြီး၊ အရေးပါသော ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများအပြင် ဘဏ်လုပ်ငန်းများကိုပါ ထိခိုက်စေနိုင်သည်။ ဒေသတွင်းအလွန်တွင်လည်း အိန္ဒိယနိုင်ငံသည် ၎င်း၏ အင်တာနက်အချက်အလက် စီးဆင်းမှု အစိတ်အပိုင်းအတော်များများ ထိခိုက်မှုကို ကြုံတွေ့ရနိုင်ပြီး၊ ယင်းက ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ခြေရှိသည့် ၎င်းတို့၏ ကြီးမားလှသော လုပ်ငန်းပြင်ပအပ်နှံမှု ကဏ္ဍ (Outsourcing industry)ကို ခြိမ်းခြောက်လျက်ရှိကြောင်း အာမက်ဒ်၏ အဆိုအရ သိရသည်။

     ယခုရေလက်ကြားသည် စင်ကာပူကဲ့သို့သော အာရှဒေတာဗဟိုချက် (Data hubs) များနှင့် ဥရောပရှိ ကေဘယ်ကြိုးအခြေစိုက်စခန်းအချို့အကြား သော့ချက်ကျသော ဒစ်ဂျစ်တယ်စင်္ကြံလမ်းတစ်ခု ဖြစ်ကြောင်း အာမက်ဒ်က ဆို သည်။ မည်သည့်အနှောင့်အယှက်မဆို ဖြစ်ပွားပါက ဥရောပနှင့် အာရှအကြား ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်များနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများကို နှေးကွေးသွားစေနိုင်ပြီး၊ အာဖရိကအရှေ့ပိုင်း အစိတ်အပိုင်းအချို့တွင်လည်း အင်တာနက်လိုင်းများ လုံးဝပြတ်တောက်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။

     ထို့ပြင် အကယ်၍ အီရန်၏ လက်ဝေခံအုပ်စုများက ပင်လယ်နီအတွင်း အလားတူ နည်းဗျူဟာများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့မည်ဆိုပါက ပျက်စီးဆုံးရှုံးမှုမှာ ပိုမိုဆိုးရွားသွားနိုင်သည်။

     ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက ယီမင်နိုင်ငံရှိ အီရန်လိုလားသော ဟူသီလက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် သင်္ဘောတစ်စင်းသည် နစ်မြုပ်နေစဉ်အတွင်း ၎င်း၏ ကျောက်ဆူးဖြင့် ရေအောက်ကြမ်းပြင်ကို ဆွဲခြစ်မိခဲ့ရာမှ ရေအောက်ကေဘယ်ကြိုး ၃ လိုင်း ပြတ်တောက်သွားခဲ့ပြီး၊ ဟောင်ကောင်အခြေစိုက် HGC Global Communications ၏ အဆိုအရ ဒေသတွင်း အင်တာနက်အချက်အလက် စီးဆင်းမှု၏ ၂၅ ရာခိုင်နှုန်းနီးပါး ပြတ်တောက်ခဲ့ဖူးသည်။

     ကေဘယ်ကြိုးများ ပျက်စီးမှု၏ သက်ရောက်မှုမှာ အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံအချို့တွင် မြင့်မားနိုင်သော်လည်း၊ “၂၀၂၅ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လိုင်းအကျယ် (Bandwidth) ၏ ၁ ရာခိုင်နှုန်းအောက်သာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသော ကေဘယ်ကြိုးများက သယ် ဆောင်ပေးထားခြင်း ဖြစ် သည်” ဟု TeleGeography က ဆိုသည်။

ကေဘယ်ကြိုးစစ်ဆင်ရေးသည်ဆန်းသစ်သည့်အရာမဟုတ်

     ပထမဆုံးသော တိုက်ကြီးများဖြတ်ကျော် ကြေးနန်း စာကို ၁၈၅၈ ခုနှစ်တွင် ရေအောက်ကေဘယ်ကြိုးမှတစ်ဆင့် ပေးပို့ခဲ့ပြီး၊ ယင်းသည် ဗြိတိန်ဘုရင်မ ဝိတိုရိယ (Queen Victoria) ထံမှ အမေရိကန်သမ္မတ ဂျိမ်းစ် ဘတ်ခန်နန် (James Buchanan) ထံသို့ ပေးပို့သည့် စလုံးရေ ၉၈ လုံးပါဝင်သော ဂုဏ်ပြုသဝဏ်လွှာဖြစ်ကာ အရောက်လှမ်းရန် ၁၆ နာရီကျော် ကြာမြင့်ခဲ့သည်။ ထိုအချိန်မှစ၍ ရေအောက်ကေဘယ်ကြိုးများ၏ အရေးပါမှုမှာ ဆထက်ထမ်းပိုး တိုး တက်လာခဲ့သည်။

     နိုင်ငံတကာ ကေဘယ်ကြိုးကာကွယ်ရေးကော်မတီ (International Cable Protection Committee) ၏ အဆိုအရ၊ ယနေ့ခေတ် ခေတ်မီရေအောက်ကေဘယ်ကြိုးများရှိ ဖိုက်ဘာအော်ပတစ် (Optical fiber) တစ်မျှင်တည်းသည်ပင် ဖုန်းခေါ်ဆိုမှုပေါင်း သန်း ၁၅၀ ခန့်ကို တစ်ပြိုင် တည်း လင်းနှုန်း (Speed of light) ဖြင့် အချက်အလက်များ သယ်ဆောင်ပေးနိုင်သည်။

  ရေအောက်ဆက်သွယ်ရေးကေဘယ်ကြိုးများကို နှောင့် ယှက်ဖျက်ဆီးသည့် လုပ်ထုံးလုပ်နည်းမှာ ၁၈၅၀ ပြည့်နှစ် အင်္ဂလိပ်ရေလက်ကြားတွင် ပထမဆုံးသော ကြေးနန်းကေဘယ်ကြိုးကို စတင်သွယ်တန်းခဲ့စဉ်ကတည်းက ဆိုရသော် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာနီးပါးခန့်ကပင် ရှိခဲ့ခြင်း ဖြစ် သည်။ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားချိန်၌ ဗြိတိန်သည် ဂျာမနီ၏ အဓိကကြေးနန်းကေဘယ်ကြိုးများကို ဖြတ်တောက်ခဲ့ပြီး၊ ဂျာမနီအစိုးရနှင့် ၎င်း၏စစ်တပ်များအကြား ဆက်သွယ်ရေးကို ဖြတ်တောက်ခဲ့ဖူးသည်။

     ယနေ့ခေတ် ကေဘယ်ကြိုးပျက်စီးမှု အများစုမှာ အော် ပရေတာများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေအောက်ကွန် ရက်များမှတစ်ဆင့် အချက်အလက်စီးဆင်းမှုကို လျင်မြန်စွာ လမ်းကြောင်းလွှဲပေးနိုင်သောကြောင့် အနှောင့်အယှက် အနည်းငယ်သာ ဖြစ်ပေါ်စေသည်။ သို့သော်လည်း ယနေ့ကမ္ဘာကြီးသည် အဆိုပါကေဘယ်ကြိုးများမှတစ်ဆင့် အချက်အလက်စီးဆင်းမှုအပေါ် လုံးဝနီးပါး မှီခိုနေရသဖြင့်၊ လက်ရှိအချိန်တွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတစ်စုံ တစ်ရာ ဖြစ်ပွားခဲ့မည်ဆိုပါက ကြေးနန်းခေတ်ကထက်စာလျှင် ပိုမိုဆိုးရွားသော နောက်ဆက်တွဲဆိုးကျိုးများကို ကြုံ တွေ့ရမည် ဖြစ်သည်။

     ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အီရန်တွင် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲသည် ကေဘယ်ကြိုး ပြု ပြင်ထိန်းသိမ်းရေး ကြိုးပမ်းမှုများကိုလည်း ပြင်းထန်စွာ ရှုပ်ထွေးခက်ခဲစေနိုင်ကြောင်း၊ အကြောင်းမှာ ပြုပြင်ထိန်းသိမ်းရေးသင်္ဘောများသည် ချို့ယွင်းချက်များကို ပြင်ဆင်နေစဉ်အတွင်း ကာလရှည်ကြာစွာ ငြိမ်သက်စွာ ရပ်တန့်နေရမည်ဖြစ်သောကြောင့် ဖြစ်သည်။ စိန်ခေါ်မှုကို ပိုမိုကြီးမားစေသည့်အချက်မှာ အဆိုပါဒေသတွင် ပုံမှန်လည်ပတ်နေကျ ပြုပြင်ထိန်းသိမ်းရေးသင်္ဘော ၅ စင်းအနက် ၁ စင်းသာ ပါရှန်းပင်လယ်ကွေ့အတွင်း ကျန်ရှိတော့ကြောင်း မော်လ်ဒင်၏ အဆိုအရ သိရသည်။

ဆူးအက်တူးမြောင်းကိုအတုယူရန် ကြိုးပမ်းခြင်း

     အီရန်သတင်းမီဒီယာများက ၎င်းတို့၏ ပိုင်နက်ရေ ပြင်ကို ဖြတ်သန်းသွားသော ရေအောက်ကေဘယ်ကြိုးများအပေါ် အခကြေးငွေကောက်ခံမည့် အဆိုပြုချက် သည် ရေအောက်ကေဘယ်ကြိုးများကို စီမံခန့်ခွဲသည့် ပြဋ္ဌာန်းချက်များ ပါဝင်သော ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူညီချက် (UNCLOS)နှင့် ကိုက်ညီပြီး နိုင်ငံတကာဥပဒေနှင့် ညီ ညွတ်ကြောင်း ပုံဖော်ရေးသားခဲ့ကြသည်။

     အီရန်နိုင်ငံသည် အဆိုပါသဘောတူညီချက်တွင် လက် မှတ်ရေးထိုးထားသော်လည်း အတည်ပြုထုတ်ပြန်ခြင်း (Ratify) မပြုရသေးသော်လည်း၊ ဥပဒေပညာရှင်များအသိုင်းအဝိုင်းက ယင်းကို နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ လိုက်နာရန် တာဝန်ရှိသည်ဟု ယူဆကြသည်။

     UNCLOS ၏ အပိုဒ် ၇၉ တွင် ကမ်းရိုးတန်းနိုင်ငံများ သည် ၎င်းတို့၏ နယ်နိမိတ် သို့မဟုတ် ပိုင်နက်ရေပြင်အတွင်းသို့ ဝင်ရောက်လာသည့် ကေဘယ်ကြိုးများ သို့မဟုတ် ပိုက်လိုင်းများအတွက် စည်းကမ်းချက်များ သတ်မှတ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

     အီရန်မီဒီယာများက အီဂျစ်နိုင်ငံကို စံနမူနာတစ်ခုအဖြစ် ထောက်ပြခဲ့ကြသည်။ ကိုင်ရို (အီဂျစ်) အစိုးရသည် ဥရောပနှင့် အာရှကို ချိတ်ဆက်ပေးထားသည့် ရေအောက်ကေဘယ်ကြိုးအမြောက်အမြားကို လက်ခံတပ်ဆင်ပေးရန် ဆူးအက်တူးမြောင်း၏ မဟာဗျူဟာမြောက် တည်နေရာကို အသုံးချခဲ့ပြီး၊ ဖြတ်သန်းခနှင့် လိုင်စင်ကြေးများမှတစ်ဆင့် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသည်။

     သို့သော်လည်း ဆူးအက်တူးမြောင်းသည် အီဂျစ်နယ် နိမိတ်ကို ဖြတ်သန်းတူးဖော်ထားသည့် လူလုပ်အိုင်တစ်ခုဖြစ်ပြီး၊ ဟော်မုဇ်ရေလက်ကြားမှာမူ ကွဲပြားခြားနားသော ဥပဒေမူဘောင်တစ်ခုဖြင့် စီမံခန့်ခွဲသည့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ရေလက်ကြားတစ်ခုဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတစ်ဦး ၏ အဆိုအရ သိရသည်။

     “သေချာတာကတော့ လက်ရှိရှိပြီးသား ကေဘယ်ကြိုးတွေအတွက် အီရန်အနေနဲ့ ကေဘယ်ကြိုးစတင်သွယ်တန်းစဉ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်အတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်” ဟု လန်ဒန်တက္ကသိုလ် SOAS မှ နိုင်ငံတကာဥပဒေပါမောက္ခ အီရီနီ ပါပါနီကိုလိုပူးလူး(Irini Papanicolopulu) က စီအန်အန် (CNN) သို့ ပြောကြားခဲ့သည်။ “ဒါပေမဲ့ ကေဘယ်ကြိုးအသစ်တွေအတွက်ကတော့ အီရန်အပါအဝင် ဘယ်နိုင်ငံမဆို ၎င်းတို့ရဲ့ ပိုင်နက်ရေပြင်မှာ ကေဘယ်ကြိုးတွေ သွယ်တန်းခွင့်ပြုမှာလား၊ ဘယ်လိုစည်းကမ်းချက်တွေနဲ့ ခွင့်ပြုမှာလဲဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။”

     ဘလွန်းဘတ် စီးပွားရေးသုတေသနအဖွဲ့မှ အက်စ်ဖန်ဒီယာရီက အီရန်သည် ရေလက်ကြားအပေါ် ၎င်းတို့တွင် အသာစီးရမှုရှိကြောင်း “သီအိုရီအရ သိထားသော် လည်း” အကယ်၍ အဆိုပါခြိမ်းခြောက်မှုများကို လက် တွေ့လုပ် ဆောင်ပါက သက်ရောက်မှု မည်မျှအထိ ကြီးမားမည်ကိုမူ သေချာရေရာခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

     ယခုအခါတွင်မူ တီဟီရန်အနေဖြင့် “ယင်း၏ သက် ရောက်မှုကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း” သူမက ဖြည့် စွက်ပြောဆိုခဲ့သည်။
(CNN သတင်းဌာနမှ Mostafa Salem ၏ Iran eyes a new source of power deep beneath the Strait of Hormuz သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါ သည်။)

​#IranSubseaCables #StraitOfHormuz #DigitalCatastrophe #TechGiants #GlobalEconomy #PositiveAngleNews #BreakingNews #MiddleEastConflict

Telegram»…
https://t.me/positiveanglenews

#PAN