အမေရိကန်၏ ပိတ်ဆို့မှုကြောင့် ကျူးဘားတွင် စွမ်းအင်ပြတ်လပ်မှုများ ကြုံတွေ့နေရချိန် CIA အကြီးအကဲ ကျူးဘားသို့ သမိုင်းဝင်ခရီးစဉ်အဖြစ် သွားရောက်

(နိုင်ငံတကာ)မေ ၁၅

     အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖ် (John Ratcliffe) သည် ကြာသပတေးနေ့က ကျူးဘားနိုင်ငံသို့ သမိုင်း ဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ ယခုခရီးစဉ်သည် ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေးနောက်ပိုင်း အမေရိကန်ထောက် လှမ်းရေးအကြီးအကဲတစ်ဦး၏ ဒုတိယမြောက်ခရီးစဉ်ဖြစ်သည်။

     ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ CIA ညွှန်ကြားရေးမှူးသည် ကျူးဘားအဆင့်မြင့် လွှတ်တော်အမတ်များထံသို့ သဝဏ်လွှာတစ်စောင် ပေးအပ်ခဲ့ပြီး၊ ကျူးဘားအစိုး ရအနေဖြင့် “အခြေခံကျသော ပြောင်းလဲမှုများ ပြုလုပ်မှသာ” ဝါရှင်တန်အနေဖြင့် အလေးအနက်ထား ဆက်ဆံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

     ကျူးဘားအစိုးရ၏ ထုတ်ပြန်ချက်တွင်မူ ကြာသပတေးနေ့က တွေ့ဆုံမှုအတွင်း “နှစ်နိုင်ငံလုံး၏ လုံခြုံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ လုံခြုံရေးတို့အတွက် နှစ်ဖက်ဥပဒေစိုးမိုးရေးအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နှစ်ဦးနှစ်ဖက် စိတ်ဝင်စားမှုကို အလေးပေးခဲ့ကြသည်” ဟု ဖော်ပြထားသည်။ တစ်ဖက်တွင်လည်း အမေရိကန်စစ်တပ်သည် ဖေဖော်ဝါရီလကတည်းက ကျူးဘား၏ အကြီးဆုံးမြို့များအနီးတွင် ထောက်လှမ်းရေးလေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ ပျံသန်းခဲ့ကြောင်း CNN က သတင်းထုတ်ပြန်ခဲ့သည်။

ထရန့်အစိုးရက ကျူးဘားအစိုးရကို “ထူးခြားပြီးအလွန် အမင်း ခြိမ်းခြောက်မှုတစ်ခု” ဟု ခေါ်ဆိုထားပြီး၊ အီရန်စစ်ပွဲပြီးဆုံးပါက အိမ်ဖြူတော်အနေဖြင့် ကျူးဘားဘက်သို့ အာရုံစိုက်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

     ကျူးဘားသည် ဗင်နီဇွဲလားနိုင်ငံမှ ရေနံတင်သွင်းမှုအပေါ် များစွာမှီခိုခဲ့ရသော်လည်း၊ ဇန်နဝါရီလအစောပိုင်းက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ရာထူးမှဖယ်ရှားရန် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုကြောင့် ရေနံတင်သွင်းမှု ပြတ်တောက်သွားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်က ကျူးဘားအရာရှိများနှင့် အဖွဲ့အစည်းအချို့ကို ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ခဲ့သည်။

     ရေနံပိတ်ဆို့မှုကြောင့် ကျူးဘားပြည်သူများသည် တစ်နေ့လျှင် ၂၂ နာရီခန့်အထိ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရပြီး ဟာဗားနားတွင် ဆန္ဒပြမှုများ ပေါ် ပေါက်ခဲ့သည်။ ကျူးဘား စွမ်းအင်ဝန်ကြီးကလည်း ၎င်းတို့နိုင်ငံတွင် လောင်စာဆီနှင့် ဒီဇယ်ဆီများ ကုန်သွားပြီ ဖြစ် ကြောင်းနှင့် လက်ကျန်ရိက္ခာလည်း မရှိတော့ကြောင်း နိုင်ငံပိုင်မီဒီယာသို့ ပြောကြားခဲ့သည်။

     အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကျူးဘားသို့ အကူအညီအဖြစ် ဒေါ်လာ သန်း ၁၀၀ ပေးအပ်ရန် အသင့်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သော် လည်း၊ ယင်းမှာ ကျူးဘား၏ ကွန်မြူနစ်စနစ်ကို ပြုပြင်ပြောင်းလဲရန်ဟူသော အချက်ပေါ်တွင် မူတည်နေသည်။ “ကျွန်ုပ်တို့ရဲ့ အကူအညီကို လက်ခံမလား၊ ဒါမှမဟုတ် အသက်ကယ် ဆယ်ရေး အကူအညီတွေကို ငြင်းပယ်ပြီး ကျူးဘားပြည်သူတွေအပေါ် တာဝန်မကျေဖြစ်မလားဆိုတာ ကျူးဘားအစိုးရရဲ့ ဆုံးဖြတ် ချက်ပေါ်မှာပဲ မူတည်ပါတယ်”ဟု အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

​#CIA #Cuba #JohnRatcliffe #EnergyCrisis #USForeignPolicy #Havana #BreakingNews #PositiveAngleNews #InternationalAffairs

Telegram»…
https://t.me/positiveanglenews

#PAN