
(ပြည်တွင်း) မေ ၁၅
အာဆီယံ – ရုရှား မဟာဗျူဟာမြောက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေအား ရုရှား-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မေလ ၁၄ ရက်နေ့ မနေ့က မနက် ၁၀ နာရီမှာ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov က မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
အာဆီယံ – ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် အာဆီယံ-ရုရှားဆက်ဆံရေး (၃၅) နှစ်ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနဲ့ ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေးနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင် ကိစ္စရပ်တွေကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။