မိုင်းရှူးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ ပညာရေးဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

(ပညာရေး) မေ ၁၃

ရှမ်းပြည်နယ် မိုင်းရှူးခရိုင် မိုင်းရှူးမြို့နယ်တွင် ပညာရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၃ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်အထကကျောင်းအုပ်ဆရာမကြီး ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ အထက၊ အလက၊ မူလွန်နှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်များ တက်ရောက်ခဲ့ကြပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကံနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနော်ခမ်းတို့လည်း တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် ပညာရေးဌာန၏ ရက်ပေါင်း (၁၀၀) စီမံချက်များ တင်ပြထားရှိမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ကျောင်းဖွင့်ရာသီတွင် လိုအပ်နေသော ဆရာ၊ ဆရာမများကို အချိန်မီ ခန့်ထားပေးနိုင်ရေး၊ ပညာရေးဝန်ထမ်းများအတွက် အိမ်ရာရရှိရေးနှင့် စံမီကျောင်းများ ဖြစ်မြောက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပညာရေးမှူးရုံးအဆောက်အဦးဆိုင်ရာ လိုအပ်ချက်များ၊ ကျောင်းဖွင့်ရာသီတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၏ သွားလာရေးအဆင်ပြေစေရန် စက်သုံးဆီပံ့ပိုးပေးနိုင်ရေးကိစ္စများကိုလည်း ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် မြို့နယ်အတွင်း ပညာရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

#PAN