လားရှိုးမြို့နှင့် နောင်ချိုမြို့တို့တွင် ကျပ်သိန်း ၄၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) မေ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့နှင့် နောင်ချိုမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

မေလ ၁၃ ရက်နေ့ ည၇နာရီခွဲ အချိန်က လားရှိုးမြို့၊ ရပ်ကွက်(၈)၊ လားရှိုး – သိန္နီသွားကားလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရန်ပိန်းချိမ့် မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ မေလ ၁၁ ရက်နေ့ ညနေ ၄နာရီ အချိန်က နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးစဉ် ညီညီအောင်(ခ)ညွန့်အောင် မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၆၉,၆၆၅ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၃၈၄၈.၃၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူ ရန်ပိန်းချိမ့်(၂၆)နှစ်နှင့် ညီညီအောင်(ခ)ညွန့်အောင်(၅၇) နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN