(စိုက်ပျိုးရေး) မေ ၁၃
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) ကာလအတွင်း စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်း အခမ်းအနားကို မေ ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမတွင် နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကျိုက်မရောမြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးခဲ့သည်။
အခမ်းအနားသို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးချစ်သိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော် (အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ) နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ဝေ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် ဒေသခံတောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်များ လျော့ချနိုင်ရေးနှင့် မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

#PAN