နိုင်ငံတော်က တောင်သူလယ်သမားများအတွက်အလေးထား _ စိုက်ပျိုးချေးငွေ တိုးမြှင့်ထုတ်ချေး

(စိုက်ပျိုးရေး) မေ ၁၃

ပြည်ထောင်စုအစိုးရအဖွဲ့သစ်၏ ရက်ပေါင်း (၁၀၀) အတွင်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် စိုက်ပျိုးကုန်ထုတ်စွမ်းအား တိုးတက်စေရန် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများကို တိုးမြှင့်ထုတ်ချေးမည့်အစီအစဉ်များကို ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေကာလမှ စတင်ကာ စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်) သီးနှံများအတွက် ချေးငွေနှုန်းထားကို ယခင်ထက် နှစ်ဆ တိုးမြှင့်ကာ တစ်ဧကလျှင် ကျပ်သုံးသိန်း ထုတ်ချေးမည်ဖြစ်သည်။

ထို့ပြင် အခြားသီးနှံ ၁၈ မျိုးအတွက် တစ်ဧကလျှင် ယခင် ကျပ်တစ်သိန်းမှ ယခု ကျပ်နှစ်သိန်းခွဲသို့ တိုးမြှင့်ပြီး ပန်းနှမ်း၊ ဆီမုန်ညင်းနှင့် ဂုန်လျှော်သီးနှံများကိုလည်း တစ်ဧကလျှင် ယခင် ကျပ်တစ်သိန်းမှ ယခု ကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်ထုတ်ချေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စိုက်ပျိုးချေးငွေအတိုးနှုန်းမှာ ယခင်အတိုင်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို အာမခံအဖြစ် ပေးအပ်ရမည်ဖြစ်သည်။

လယ်ယာသုံးစက်ကိရိယာချေးငွေများကို ကျပ်သိန်း ၁၀၀ မှ ၃၀၀၀ အထိ တစ်ကဏ္ဍနှင့် ကျပ်သိန်း ၃၀၀၁ မှ ၅၀၀၀ အထိ တစ်ကဏ္ဍအဖြစ် ခွဲခြားထုတ်ချေးသွားမည်ဖြစ်ပြီး တောင်သူလယ်သမားများနှင့် သမဝါယမအသင်းဝင်များကို ဦးစားပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်ကိရိယာချေးငွေများတွင် အတိုးနှုန်း တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းဖြင့် နှစ်ချင်းဆပ် (၁) နှစ်၊ နှစ်တို (၃) နှစ်နှင့် နှစ်ရှည် (၅) နှစ်အထိ ချေးယူနိုင်မည်ဖြစ်ပြီး လက်တွန်းထွန်စက်၊ ထော်လာဂျီ၊ ရေစုပ်/ရေတင်စက်၊ ဆိုလာရေတင်စက်၊ မျိုးစေ့ချစက်၊ လယ်ထွန်စက်အသေး၊ ရိတ်ခြွေစက်အသေး၊ ပဲခွဲစက်၊ ကောက်စိုက်စက်၊ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ (Silo) နှင့် ဆန်စက်တို့ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။

ထို့အပြင် ဓာတ်မြေသြဇာတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကို မူလ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ခွင့်ပြုထားရာမှ မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ခွင့်ပြုလိုက်သည်။ ယင်းကင်းလွတ်ခွင့်သည် Import Declaration (ID) ဖြင့် တင်သွင်းသည့် ဓာတ်မြေသြဇာများအပေါ် အကျုံးဝင်မည်ဖြစ်သည်။

အဆိုပါ ဆောင်ရွက်ချက်များသည် စိုက်ပျိုးရေးကဏ္ဍ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ချနိုင်ရေးကို ရည်ရွယ်ထားပြီး လယ်ယာထုတ်လုပ်မှု တိုးတက်ဖြစ်ထွန်းလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

#PAN