အေးချမ်းသာစံပြကျေးရွာ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ် ကွင်းဆင်းစစ်ဆေး

(ပြည်တွင်း) မေ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးချမ်းသာစံပြကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါကျေးရွာအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေး စံပြစီမံကိန်းအရ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းရှင်းလင်းချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ကျေးရွာ၏ အခြေခံလိုအပ်ချက်များနှင့် အရင်းအနှီးနှင့် သွင်းအားစုများရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ရေရှည်လည်ပတ်ထိန်းသိမ်း၍ ကျေးရွာ ကော်မတီများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စုပေါင်း ဆောင်ရွက်ကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မိမိကိုယ်တိုင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရန်‌ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာအတွင်း ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် လမ်းတံတားလုပ်ငန်းများ၊ ရေသန့်စင်စနစ် လည်ပတ်မှု၊ ကျေးရွာမီးရရှိရေးနှင့် ကျေးလက်ဆေးပေးခန်းများ၊ ဝက်မွေးမြူရေးလုပ်ငန်းများ၊ စက်ရက်ကန်းလုပ်ငန်းများနှင့် ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၏ စာသင်ဆောင်နှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းအချိန်တွင် လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးချမ်းသာစံပြကျေးရွာရှိ သမဝါယအသင်းဝင် တောင်သူတစ်ဦး၏ နွေစပါးစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် သမဝါယမစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အစိုးရ၏ အားပေးဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကိုလည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာအနီးရှိ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းသို့ သွားရောက်၍ သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သမဝါယမစနစ်ဖြင့် အသားတိုးနွား တိုးချဲ့မွေးမြူမည့်အစီအမံအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် သဘာဝ မြေဩဇာများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုလာစေရေး၊ သဘာဝမြေဩဇာ အသုံးပြုခြင်းကြောင့် မြေဆီလွှာပြုပြင်နိုင်မှု အခြေအနေများကို တောင်သူများ သိရှိလာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

#PAN