Football For School Program လုပ်ငန်းများ ဧရာဝတီတိုင်းတွင် ကြည့်ရှုစစ်ဆေး

(အားကစား) မေ ၁၃

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်အရ ဆောင်ရွက်လျက်ရှိသော Football For School Program လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း ရုံးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှုများ၊ အဆင့်မြင့်ရေကူးကန်၌ ရေကူးသရုပ်ပြ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ပုသိမ်) ကျောင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအား အခြေခံအဆင့်မှစ၍ စနစ်တကျ လေ့ကျင့်ပေးနိုင်ရေးနှင့် အားကစားဆိုင်ရာ အဆောက်အအုံများ တိုးတက်ကောင်းမွန်လာစေရေးကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။

#PAN