ရန်ကုန်–မန္တလေး DEMU အမြန်ရထားများ တိုးချဲ့ပြေးဆွဲမည်

(ပို့ဆောင်ရေး) မေ ၁၃

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်–မန္တလေး–ရန်ကုန် လမ်းပိုင်းတွင် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန် DEMU အမြန်ရထားကို မေ ၁ ရက်မှ စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စီးနင်းမှုများပြားလာသဖြင့် အမှတ် (၃) အဆန်နှင့် အမှတ် (၄) အစုန် DEMU အမြန်ရထားကိုလည်း မေ ၁၅ ရက်မှစတင်၍ ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်နှင့် မန္တလေးမှ နံနက် ၆ နာရီတွင် ထွက်ခွာနေသော အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန် DEMU ရထားကို မေ ၁၅ ရက်မှစ၍ နံနက် ၇ နာရီသို့ အချိန်ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်–မန္တလေး လမ်းပိုင်းအတွင်း သာစည်–နေပြည်တော်–သာစည်၊ နေပြည်တော်–တောင်ငူ–နေပြည်တော် နှင့် တောင်ငူ–ပဲခူး–တောင်ငူ ခရီးစဉ်များအတွက် RBE ခရီးတိုရထားများကိုလည်း မေ ၁၅ ရက်မှစ၍ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။

RBE ခရီးတိုရထားများ၏ လက်မှတ်ခနှုန်းထားများအနေဖြင့် နေပြည်တော်–သာစည်နှင့် နေပြည်တော်–တောင်ငူ ခရီးစဉ်များတွင် အစအဆုံး ငွေကျပ် ၅၀၀၀၊ တစ်ဝက် ငွေကျပ် ၂၅၀၀ သတ်မှတ်ထားပြီး တောင်ငူ–ပဲခူး ခရီးစဉ်တွင် အစအဆုံး ငွေကျပ် ၈၀၀၀၊ တစ်ဝက် ငွေကျပ် ၄၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

ထို့အပြင် ရထားအချိန်ဇယားများ ပြောင်းလဲပြေးဆွဲမှုနှင့်အညီ ရန်ကုန်–မန္တလေးနှင့် ရန်ကုန်–မော်လမြိုင် လမ်းပိုင်းရှိ အချို့ရထားများ၏ အချိန်ဇယားများကိုလည်း မေ ၁၅ ရက်မှစ၍ ပြင်ဆင်ပြောင်းလဲမည်ဖြစ်သည်။ ထို့အတူ အမှတ် (၁၁) အဆန်နှင့် အမှတ် (၁၂) အစုန် ရထားများကိုလည်း လေအေးပေးစက်ပါ အထက်တန်းလူစီးတွဲများပါဝင်သော လေအိတ်ရထားတွဲဆိုင်းဖြင့် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်သည်။

ရန်ကုန်–မန္တလေး DEMU အမြန်ရထားများ၏ ထိုင်ခုံလက်မှတ်များကို Online Railways Ticketing and Payment (ORTP) စနစ်ဖြင့် ခရီးစဉ်အစအဆုံးအတွက် ၇ ရက်ကြိုတင်နှင့် လမ်းဘူတာများအတွက် ၃ ရက်ကြိုတင် ဝယ်ယူနိုင်ကြောင်း သိရသည်။

#PAN