ဇေယျာသီရိမြို့နယ်တွင် ယာဥ်၃စီး ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ရာ ၁၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

(မှုခင်း) မေ ၁၂

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊နန်းသြအုပ်စု၊နန်းသြကျေးရွာအနီး၊ရန်-မန်းလမ်းဟောင်း၊မိုင်တိုင်အမှတ်(၂၃၅/၄)ဖာလုံအနီးတွင် ကား ၃စီး ဆင့် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ၁၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်၁၀ခွဲကျော်အချိန်က ယာဥ်မောင်း ဦးစိုးမင်းသိန်း(၃၉)နှစ်(ဘ)ဦးသိန်း၊ ကျည်တောင်ကန်ရွာ၊ပုဗ္ဗသီရိမြို့နေသူ မောင်းနှင်လာသော၊ယာဥ်အမှတ် 6R/6730 CHENG LONG ဖြူရောင်ယာဥ်သည် ပျဥ်းမနားမြို့ဘက်မှတပ်ကုန်းမြို့ဘက်သို့မောင်းနှင်လာစဥ် ရှေ့မှလားရာတူ  ယာဥ်မောင်း ဦးသိန်းတန် (၅၄)နှစ်(ဘ)ဦးပေါ၊ နန်းသြကျေးရွာနေသူ မောင်းနှင်နေသော 3G/8194 LIGHT TRUCK (ဖြူရောင်)ယာဥ်အား အရှိန်မထိန်းနိုင်ပဲနောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် တပ်ကုန်းမြို့ဘက်မှ ပျဥ်းမနားမြို့ဘက်သို့ ယာဥ်မောင်း ဦးဉာဏ်ထွန်း မောင်းနှင်လာသောယာဥ်အမှတ် 5N/7685 SUZUKI  CARRY အဖြူရောင်ယာဥ်အား ထပ်မံတိုက်မိကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် SUZUKI CARRY အဖြူရောင်ယာဥ်ပေါ်လိုက်ပါလာသူအများအပြား ထိခိုက်ဒဏ်များရရှိခဲ့ကြောင်း ၊ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဂရုဏာရှင်အသင်းယာဥ်ဖြင့် ပြည်သူ့ဆေးရုံ(ခုတင်-၃၀၀)ပုဗ္ဗသီရိမြို့သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။