လေကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး မှာကြား

(စီးပွားရေး) မေ ၁၁

လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍဖိုရမ် (Airlines & Tourism Industry Forum) ကို မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က လေကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍသည် အပြန်အလှန်အကျိုးပြုနေသဖြင့် ကဏ္ဍနှစ်ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြသည်။

ယင်းနောက် မြန်မာ့ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် နိုင်ငံတကာလေကြောင်းလိုင်းများ၏ အခန်းကဏ္ဍနှင့် ပြည်တွင်းလေကြောင်းကဏ္ဍ၏ ရှေ့လုပ်ငန်းစဉ်များကို အဓိကထား၍ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

#PAN