(ပြည်တွင်း) မေ ၁၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာစံပြကျေးရွာအုပ်စုအတွင်းရှိ ကင်းရွာအခြေခံပညာအထက်တန်းကျောင်း၌ ပျက်စီးနေသော ကျောင်းအဆောက်အဦအား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မေ ၁၀ ရက် နံနက် ၉ နာရီတွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်တွင် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းစမ်းနှင့်အတူ ကင်းရွာအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာ၊ ကျောင်းအကျိုးတော်ဆောင် ဦးစိုးသိန်း၊ ဦးမောင်မောင်လွင်၊ ကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ ဦးသားဖိုး၊ ကျိုက်ထိုခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဒေါ်နန်းဦးတို့ ပါဝင်ခဲ့ကြသည်။

ထိုသို့ သွားရောက်ကြည့်ရှုရာတွင် ကျောင်းအတွင်းရှိ ပေ ၁၅၀ x ပေ ၃၀ အရွယ်အစားရှိ အဆောင်တစ်ဆောင်မှာ ပြိုကျပြီး ပျက်စီးနေသည့်အခြေအနေများကို စိစစ်ကြည့်ရှုခဲ့ကြပြီး ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားရေး အဆင်ပြေစေရန်အတွက် အဆောင်အသစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သော အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။
#PAN