ကော့သောင်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဆွေးနွေး

(ဒေသဆိုင်ရာ) မေ ၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် မေ ၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြူနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သူနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးတို့က ပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များဖြစ်သည့် ကျေးရွာလမ်းများ ပြုပြင်တည်ဆောက်ရေး၊ တံတားများ တည်ဆောက်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးရေရရှိရေး၊ နှစ်စဉ် ရေကြီးနစ်မြုပ်မှုခံရသော လူနေရပ်ကွက်များအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကျေးရွာအဝင်လမ်းများတွင် လျှပ်စစ်လမ်းမီးများ တပ်ဆင်နိုင်ရေးတို့ကို တင်ပြတောင်းဆိုခဲ့ကြသည်။

ထိုတင်ပြချက်များနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များသည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဖြေရှင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မေ ၇ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စုရှိ ချောင်းဝကျေးရွာနှင့် ရှစ်မိုင်ကျေးရွာတို့တွင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများနှင့် ဆက်လက်တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲများတွင် ပြည်သူများက ကျေးရွာလမ်းများ တိုးချဲ့တည်ဆောက်ရေး၊ တံတားတည်ဆောက်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ ကျေးရွာလမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးနှင့် စာသင်ကျောင်း၊ အားကစားကွင်းများ ရရှိနိုင်ရေးတို့ကို ထပ်မံတင်ပြခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။