(ပညာရေး) မေ ၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၆) သစ်တောလမ်းရှိ ရွှေနန်းထိုက်ဟိုတယ်တွင် မေ ၇ ရက်နေ့ ၁၃း၀၀ နာရီမှ ၁၃း၄၀ နာရီအထိ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟိန်းမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ တိုင်းပညာရေးမှူး ဒေါက်တာစိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများအပါအဝင် ၂၀၂၆ ခုနှစ် Grade-9 လူရည်ချွန် လူငယ်မောင်မယ် ၉၆ ဦး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲအတွင်း ဒေါက်တာမောင်သင်းက လူငယ်မောင်မယ်များအား ဆုံးမဩဝါဒစကား ပြောကြားခဲ့ရာတွင် သမိုင်းဝင် ဘုရင့်နောင်မင်းတရားကြီး၏ သစ္စာရှိမှု၊ သတ္တိရှိမှုနှင့် စဉ်းစားတွေးခေါ်နိုင်မှုတို့ကို အတုယူကြရန်၊ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် တာဝန်ထမ်းဆောင်နိုင်သော လူငယ်များဖြစ်လာစေရန် ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ရည်မှန်းချက်မြင့်မားစွာထားရှိကာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လူ့ဘောင်တိုးတက်ရေးနှင့် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရန်နှင့် အနာဂတ်ကာလတွင် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ မြှင့်တင်နိုင်သူများ ဖြစ်လာစေရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသူများက အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။