
(ပညာရေး) မေ ၆
လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဒွါဒသမတန်း လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Royal President Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဒွါဒသမတန်း လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်သူ ဆရာ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်ဦးရေမှာ ၁၆ သန်းကျော်ရှိကြောင်း၊ လူငယ်များသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် လိုအပ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာစေရန် ကြိုးစားကြရန် တိုက်တွန်းခဲ့သည်။
လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိတို့စခန်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ဒေသန္တရဗဟုသုတများကို လေ့လာမှတ်သားပြီး လူငယ်အချင်းချင်း ဗဟုသုတဖလှယ်ကာ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လည်း မှာကြားခဲ့သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော် နှင့် ချောင်းသာ လူရည်ချွန်စခန်းများတွင် လူရည်ချွန်မောင်မယ်များအား ဒေသန္တရဗဟုသုတများ လေ့လာနိုင်စေရန်နှင့် အနာဂတ်ခေါင်းဆောင်များဖြစ်လာစေရန် လေ့လာရေးအစီအစဉ်များ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။