(ပြည်တွင်း) မေ ၅
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်တင်ဖွင့်ပွဲ၊ တောင်သူများနှင့်တွေ့ဆုံပွဲနှင့် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲများကို ယနေ့ မေလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဝိုင်းမော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်အောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းထွန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်မိုးသီတာသိန်း၊ ဦးချမ်းဂျောင်ဆားရ်၊ ဦးခေါ်ဆာ၊ ဦးဇောင်းခေါင်နှင့် ဦးဂျာဂွန်းတန်တို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်အား အမွေးနံ့သာများ ပက်ဖြန်းကာ စိုက်ထူဖွင့်လှစ်ခဲ့ပြီး ထို့နောက် ခန်းမအတွင်း တောင်သူများနှင့်တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်အောင်က လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ယခုနှစ် မိုးစပါးရာသီအတွက် တောင်သူများလိုအပ်သည့် မြေဆီ၊ စက်သုံးဆီနှင့် မျိုးစပါးများကို သက်ဆိုင်ရာအစည်းအဝေးများတွင် စုဆောင်းထားရှိကြောင်းနှင့် တောင်သူများအတွက် လွယ်ကူစွာ တင်ပြနိုင်ရေး ရည်ရွယ်၍ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းဂျောင်ဆားရ်က ပြည်သူများအား ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းနိုင်ဦးက မျိုးစပါး၊ စက်သုံးဆီနှင့် မြေဆီများ ထုတ်ပေးမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် တက်ရောက်လာသော တောင်သူများမှ မိုးရာသီအတွင်း လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှု၊ ဝါရှောင်ဆည် ရေရရှိရေးနှင့် စိုက်ပျိုးရေးအသုံးအဆောင်များ လုံလောက်စွာ ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြတောင်းဆိုခဲ့ကြသည်။
နိဂုံးချုပ်အဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်အောင်က တင်ပြချက်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
#PAN